မဲခေါင်၊ ဇွန် ၂၀
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်ကြီးကျေးရွာမှာ စစ်ကောင်စီနဲ့ PNO က စစ်ဘေးရှောင်ပြန် ပြည်သူတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းတဲ့အပြင် ၁အိမ် ၅ သိန်းကျပ်နဲ့ ပြည်ပထွက် အလုပ်လုပ်သူရှိတဲ့အိမ်တွေကို ၁အိမ် ၈သိန်းကျပ်အထိ စစ်စရိတ် ဆက်ကြေး ကောက်ခံနေတယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒေသခံပြည်သူတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က အစည်းအဝေးခေါ်ပြီး စစ်စရိတ်ဆက်ကြေး ကောက်တာလို့ ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ၁လကို တပ်သားသစ် ၆ ဦးကို ကောက်ခံခဲ့ပြီး ဆီဆိုင်မြို့နယ်၊ ဘုရားဖြူ ဘောလုံးကွင်းမှာ သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။
ဆက်ကြေး ၁ အိမ် ၅ သိန်းကျပ်ကို တခါတည်း မထည့်နိုင်ရင် ၂ ကြိမ် ခွဲထည့်ခိုင်းတာမှာ ဇွန်လ ၁၉ ရက်မှာ တကြိမ်နဲ့ ကျန်ငွေကို လကုန်ရက် အပြီးထည့်ရမယ်လို့ PNO က ဒေသခံတွေကို ပြောတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် တောင်ပိုင်းရွာတွေဖြစ်တဲ့ နောင်ဝိုး၊ ချောင်းချား၊ ထမထ၊ လိန်ခမ်း၊ ကုန်းပေါ စတဲ့ရွာတွေအထဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ကျေးရွာပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။
MK-012








