မဲခေါင်၊ ဇွန် ၂၀
ကချင်ပြည်နယ်၊ ဝိုင်းမော်ဘက် မနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးလာကြဲပြီး မနက်ပိုင်းမှာ ဝူယန် နဲ့ လုမြန်ကြားလည်း ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဝိုင်းမော်ဘက်ခြမ်း၊ စန်းကား အောက်ဘက်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတယ်။ တုန်ဟီးသွားတာပဲ။ နေ့လယ် ၁ နာရီ ၅၃ မိနစ်ခန့်လောက်မှာ လာကြဲချသွားပြီးတော့ ဂျက်ဖိုက်တာ ဝဲ နေတာ” လို့ မြစ်ကြီးနား ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
KIA နဲ့ ပူးပေါင်း အဖွဲ့ ဘက်က လို့ ယူဆရတဲ့ လက်နက်ကြီးတွေ နေ့လယ် ၂ နာရီဝန်းကျင်ခန့်က စစ်ကောင်စီ လေတပ်ဘက် ၅ ကြိမ်၊ ၆ ကြိမ်လောက် ပစ်ခတ်သံ ကြားရပြီး အဲဒီနောက် စစ်ကောင်စီရဲ့ အမြောက်တပ်နဲ့ လေတပ်တွေဘက်နေ စန်းကားအောက်ဘက်လောက်ကို ပစ်ထည့်နေတာလို့ သူက ပြောပါတယ်။
“စန်းကားအောက်ဘက်ထိ လေယာဉ် သွားကြဲနေတယ်။ လေတပ် ကနေလည်း လက်နက်ကြီး Howitzer နဲ့ ပစ်တယ်။” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် မနေ့ မနက်ပိုင်းမှာလည်း ဝူယန်နဲ့ လုမြန်ကြားမှာ ရွာပြင်နားဘက် စစ်ကောင်စီတွေ စစ်ကြောင်းထိုးလာလို့ KIA နဲ့ ပူးပေါင်း အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာရှိပြီး အချိန် အတိအကျတော့ မသိရဘူးလို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
“အခု စကားပြော နေရင်း ၂ လုံးလောက် အုန်းဆိုကျလာပြီ။ ဒီမနက် စစ်ကောင်စီဘက်က အလောင်းတွေ ကားလမ်းပေါ်မှာ တွေ့တယ်တဲ့။ ကားသေးအဖွဲ့က ပြောပြသွားတယ်။” လို့ ကုန်တင်ယာဉ်မောင်း တစ်ဦးကလည်း ပြောပြပါတယ်။
ဝိုင်းမော်မြို့နယ်ထဲ လတ်တလော တိုက်ပွဲကြီးကြီးမားမားမရှိပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းဗုံးကြဲတာတွေရှိလို့ စိုးရိမ်နေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဝိုင်းမော်က စစ်ကောင်စီ ၅၈ တပ်စခန်းနဲ့ ကံပိုင်တည် သွားရာလမ်းဘက်ရှိ ဝေါ်ချုံးက စစ်ကောင်စီ ၁၀၀၃ တပ်စခန်းတွေ ကျရှိနေသေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ တစ်ရက်ထဲ ဝိုင်းမော် – ကံပိုင်တည် ကုန်သွယ်ရာ လမ်းကြောင်းပေါ်က ဆဒုံး ဗျူဟာ အပါအဝင် စစ်ကောင်စီ စခန်း ၁၀ ခုကျော်ကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲက သိမ်းပိုက် ရရှိထားတာ ဖြစ်ပါတယ်။
CJ-008









