မဲခေါင်၊ ဇွန် ၁၆
ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ခြမ်း၊ နမ့်ဟူးရွာလမ်းဆုံက PNO ဂိတ်ကို ဇွန် ၁၅ ရက်၊ မနက် ၈နာရီခန့်က တော်လှန်ရေးတပ်တွေတိုက်လို့ PNO ပြည်သူ့စစ် ၃ ဦး သေဆုံးပြီး လက်နက်တွေရခဲ့တယ်လို့ စစ်သတင်းအရင်းအမြစ်အရ သိရပါတယ်။
ပြည်သူတွေအပေါ် အဓမ္မအခွန်ကောက်ခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာမှာ PNO ပြည်သူ့စစ် ၃ ဦးသေဆုံးပြီ. လက်နက်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်က PNO ပြည်သူ့စစ်တွေဖြစ်တဲ့ ထီးကာရွာက ထွန်းလှ၊ သာယာကုန်းရွာက ထွေးဦးနဲ့ နမ့်ဟူးရွာသား စိုးမင်းတို့ သေဆုံးပြီး သေနတ် ၃ လက်နဲ့ လုပ်သေနတ်တို ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ဦးဇော့က ဦးဆောင်တာဖြစ်ပြီး ခရီးသွားတွေရဲ့ ပစ္စည်းတွေကိုသိမ်းယူတာ၊ ငွေကြေး အဓမ္မတောင်းတာ၊ ဖယ်ခုံ၊ မိုးဗြဲ စစ်ဘေးရှောင်တွေကို ဒုက္ခပေးတာ၊ မိုးဦးရွာ တံငါသည်တွေထံက ငါးနဲ့ငွေတောင်းတာ၊ မိုးဦးရွာက ကုန်ကား ၁ စီးကို ၁၀ သိန်းအထိ ဒဏ်ရိုက်တာ တွေပြုလုပ်နေတာကိုတားဆီးဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဟာ အင်းလေးကန် အနောက်ခြမ်းမှာ ပထမဆုံးဖြစ်တဲ့ တိုက်ပွဲဖြစ်ပြီး မကြာမီမှာ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်ဂိတ်တွေ ထပ်မံတိုက်ခိုက်မှုတွေ ကြုံတွေ့လာနိုင်သလို ကျေးရွာတွေကိုလည်း တော်လှန်ရေးအားပေးတဲ့ ရွာတွေဆိုပြီး ရမ်းကားလာနိုင်တဲ့အခြေအနေရှိလို့ ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
MK-012








