မဲခေါင်၊ ဇွန် ၁၃
ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့နယ်၊ ထီဗွာ(ရေဖြူ)ကျေးရွာက ဒေသခံ အမျိုးသမီးတွေအပါအဝင် ရွာသား ၅၉ ဦးကို စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးထားတာ ၃ရက်ကျော်ကြာသည်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ PNLA က ထုတ်ပြန်ကြေညာပါတယ်။
ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာက ဒေသခံ ၅၉ ဦးကို စစ်ကောင်စီနဲ့သူ့လက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ ၁၀ ရက်ကတဲကဖမ်းဆီးထားတာဖြစ်ပြီး ယနေ့ ဇွန် ၁၃ ရက်အထိ ပြန်လွှတ်တာမရှိသေးဘူးလို့ သိရပါတယ်။
စစ်ဘေးရှောင်နေတဲ့ ရွာသူရွာသားတွေပြန်မလာရင် အိမ်တွေ မီးနဲ့ရှို့မယ်လို့ ခြိမ်းခြောက်လို့ ပြန်လာရတဲ့သူတွေကို ကျေးရွာခန်းမမှာ ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေမှာ အသက် ၄၀ ကျော်အများစုဖြစ်ပြီး အမျိုးသမီးဦးရေ ထက်ဝက်ကျော်ပါဝင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး ပြန်ပေးဆွဲငွေတောင်းတာတွေ ပြုလုပ်နေသလို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေမကြာခဏကျုးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဇွန်လ ၁၂ ရက်က ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်တဲ့ ရှမ်းတောင်တိုက်ပွဲ(ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း)၁၄၀ ရက်ကြာ အချက်အလက်တွေထဲမှာ အရပ်သားသေဆုံးမှု ၇၇ ဦးနဲ့ အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၀၁ ဦးလို့ဖော်ပြထားပြီး စစ်ကောင်စိနဲ့ PNO ကဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးသူ ၂၄ ဦးအထိ ရှိလာနေပြီလို့ ဖော်ပြပါရှိပါတယ်။
MK-012








