မဲခေါင် ဇွန် ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော် – ကံပိုင်တည် ကုန်သွယ်ရာ လမ်းကြောင်းပေါ်က ဆဒုံး ဗျူဟာ အပါအဝင် စစ်ကောင်စီ စခန်း ၁၀ ခုကို ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ တစ်ရက်ထဲ KIA ဘက်က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“KIA တပ်မဟာ ၃ ထိန်းချုပ် နယ်မြေရှိ အင်္ဂလိပ်ခေတ်ကတည်းက ကွန်ကရစ်နဲ့ ဆောက်ပြီး အခိုင်အမာ စခန်းချထားတဲ့ ဆဒုံးဝမ် ဗျူဟာ စစ်ကောင်စီ စခန်းကို သိမ်းလိုက်တာ ဟုတ်တယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ယမန်နေ့ မနက် ၄ နာရီခန့်ကစ ဝိုင်းမော် – ကံပိုင်တည် ကုန်သွယ်ရာ လမ်းတကြောက စစ်ကောင်စီ စခန်းတွေကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက တပြိုင်ထဲထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။
“မနေ့က တစ်ရက်ထဲ ဆဒုန်း စစ်ကောင်စီ ခမရ – ၃၈၉ နဲ့ ဒူးလေး ပြည်သူ့စစ် ပူးပေါင်း ဗျူဟာတပ်စခန်း၊ ဆဒုံး – ကံပိုင်တည် လမ်းပေါ်က ဘွမ်တောင်ပြည်သူ့စစ် တပ်စခန်း၊ ကံပိုင်တည်နဲ့ ချီဖွေ လမ်းဆုံက ၁၃ မိုင် စုပေါင်းဂိတ်ကြီး၊ လဖိုင် BGF တပ်စခန်း တွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာ” လို့ KIA သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တဲ့ စခန်း ၄ ခု ရှိပြီး စစ်ကောင်စီဘက်က စခန်းစွန့်ခွါထွက်ပြေးသွားလို့ သိမ်းပိုက်ရရှိတဲ့ စခန်းငယ်၊ ကာကင်းစခန်းတွေ ၆ ခု လည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
၁၉ မိုင် တပ်စခန်း၊ အင်ဝမ်း BGF စခန်း၊ ရေတံခွန် စခန်း၊ လုကြည် စခန်း၊ ဝူရော်ဘွမ် စခန်း၊ ဂေါ်နန် စခန်း စတဲ့ စစ်ကောင်စီ စခန်းတွေထဲက စစ်ကောင်စီ၊ BGF တပ်ဖွဲ့တွေ စခန်းစွန့် ထွက်ပြေးသွားတာကြောင့် အဲဒီ စခန်းတွေကိုတော့ တိုက်စရာမလိုပဲ သိမ်းပိုက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ် လုမြန် ကာကင်း စခန်း၊ ဆဒုံး မြို့အဝင် ပြည်သူ့စစ်စခန်း၊ ဆဒုံး အုပ်ချုပ်ရေးရုံး၊ ဆဒုံးစုပေါင်းဂိတ်၊ လီဆူပြည်သူ့စစ်တပ်စခန်း၊ တရုတ် ပြည်သူ့စစ်တပ်စခန်း၊ နာ့ရူကုန်းကာကင်း၊ ဘော်မ်လန် ပြည်သူ့စစ်စခန်း စတဲ့စခန်းတွေကိုလည်း ထပ်မံသိမ်းပိုက်ထားတယ်လို့ ကြားရပေမယ့် အတိအကျ မသိရသေးပဲ အဲဒီ စခန်းတွေပါမယ်ဆိုရင် ယမန်နေ့က တစ်ရက်ထဲ သိမ်းရတာ ဗျူဟာ စခန်းအပါအဝင် စခန်းငယ်၊ ကာကင်း ၁၉ ခု ရှိသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့ မေလ ၁၈ ရက်နေ့ကစ KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့ တွေဟာ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး ဝိုင်းမော် ရွှေညောင်ပင် ၃၂၁ တပ်စခန်းကြီး အပါအဝင် ဝိုင်းမော်မြို့နယ်က တချို့ စစ်ကောင်စီ တပ်စခန်းတွေကိုလည်း သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။
CJ-008








