မဲခေါင်၊ မေ ၂၂
၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းတော်လှန်ရေးနေ့(The 66th Anniversary of Shan State Resistance Day)ကိုRCSS/SSA ဌာနချုပ်အပါအဝင် ထိန်းချုပ်နယ်မြေအသီးသီးမှာ ကျင်းပခဲ့တယ်လို့ RCSS ရဲ့ အာဘော် Taifreedom မှာ ရှမ်းဘာသာနဲ့ ဖော်ပြလာပါတယ်။
အစောဆုံး ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နမ့်ကျွတ်ချောင်း ဘေးတစ်နေရာမှာ ရဲရင့်တဲ့လူငယ်စစ်သည်လို့ အဓိပ္ပာယ်ရတဲ့ နွံစစ်ဟန် ရှမ်းလက်ကိုင်တပ်ဖွဲ့ကို စောယန္တ ခေါ် စဝ်နွဲ့ ခေါင်းဆောင်တဲ့ ရှမ်းလူငယ် (၃၁) ဦးနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ရှမ်းလက်နက်ကိုင်တည်ထောင်တာ ၆၆ နှစ်ပြည့်လို့ အခမ်းအနားတွေ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားကို ကျင်းပတဲ့ နယ်မြေအသီးသီးအနက် ဌာနချုပ်လွယ်တိုင်းလျန်း မှာတော့ RCSS ဥက္ကဌ ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကျန် နေရာမှာတော့ နယ်မြေ ကွပ်ကဲရေးမှူးတွေက ဦးစီးပြီး ကျင်းပခဲ့တယ်လို့ သိရပါတယ်။ လွယ်ကော်ဝမ်းစစ်ဒေသ(၈၀၈) မှာ လူသစ်သင်တန်းဆင်း ၂၆၈ ဦး၊ စစ်ဒေသ (၇၅၉) သင်တန်းဆင်း ၅၃၇၀ ဦး၊ စစ်ဒေသ(၉၉၆) မှာ တော့ သင်တန်းဆင်း ၈၂၅ ဦးတို့ ပါဝင်ပြီး လွယ်ဆမ်ဆစ် စစ်ဒေသ(၇၂၇)မှာလဲ အခန်းအနားပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယင်းအခမ်းအနားတွေမှာ သင်တန်းဆင်းတွေရဲ့ လက်နက်မဲ့၊ လက်နက်နဲ့တိုက်ခိုက်ရေးစွမ်းရည်သရုပ်ပြတာတွေ၊ ကျဆုံးသူတွေကိုလွမ်းသူပန်းခွေချ အမျှပေးဝေတာတွေနဲ့ ၅ နှစ်စစ်သက်ပြည့်သူတွေကို မိဘရပ်ထံ ပြန်လည်အပ်နှံတာတွေပြုလုပ်ခဲ့ပြီး အားပေးတဲ့ မိန့်ခွန်းတွေပြောခဲ့ကြတယ်လို့ သိရပါတယ်။
MK-012








