မဲခေါင်၊ မေ ၂၂
ကချင်ပြည်နယ်၊ ဝိုင်းမော် ရွှေညောင်ပင် ခမရ – ၃၂၁ ကို မနေ့ မေ ၂၁ ရက်နေ့ ညပိုင်း KIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခံရတဲ့နောက် စစ်ကောင်စီအထိနာလို့ တရုပ်နယ်စပ်ဖြတ်ကျော် အသုံးပြုပြီး လိုင်ဇာမြို့ကို ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“လေယာဉ် သံကြားတော့ အိပ်ခန်းထဲက ထွက်ပြီး ပုန်းနေတာ။ မြို့ထဲတော့ မဟုတ်ဘူး။ တရုတ်နိုင်ငံဘက်ကိုက ဖြတ်ကျော်ပီးမှကို လာကြဲတာ၊ တရုတ်ဘက်ကတော့ ညဆိုတော့ သူတို့နယ်နိမိတ်မှာ အလံထောင်ထားတာ မမြင်မှာစိုးလို့ ထင်တယ်။ လက်နက်ကြီးနဲ့ ပစ်ခတ် အချက်ပြ ပေးတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လိုင်ဇာ ဧရိယာအတွင်းတိုက်ပွဲ ဖြစ်ပွားတာမရှိပဲ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတာဖြစ်ပြီး ဝိုင်းမော်ဘက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီက အထိနာလာတာကြောင့် လေယာဉ်ဗုံးလာကျဲတာ ဖြစ်နိုင်ကြောင်း သိရပါတယ်။
လေယာဉ် ဗုံးထိမှန်တဲ့ နေရာတွေမှာ ထိခိုက်တာရှိနိုင်ပေမယ့် လက်ရှိအထိ အခြေအနေ မသိရသေးဘူး လို့ ပြောပါတယ်။
“လိုင်ဇာဘက် လေယာဉ်နဲ့ ဗုံးလာကြဲတာ ၃ ခါလောက်ရှိတယ် ညဘက် သန်ခေါင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်လာကျဲတာ”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဝိုင်းမော် ရွှေညောင်ပင် ခမရ – ၃၂၁ စခန်းကိုလည်း စစ်ကောင်စီဘက်က အတွဲလိုက် ဒုံးတွေနဲ့ရော လေယာဉ်နဲ့ပါ ဗုံးကြဲနေတာလို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်စခန်းပေါင်း ၁၂ ခုကျော်ကို KIAနဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး မြစ်ကြီးနားမြို့ကိုလဲ စစ်ကောင်စီက မာရှယ်လော ထုတ်ထားပြီး မြို့ကိုပိတ်မယ်သတင်းတွေ ထွက်ပေါ်နေပါတယ်။
CJ-008








