မဲခေါင်၊ မေ ၁၇
ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။
လက်ရှိမှာ သိန္နီကနေ လားရှိုးကို စစ်ရှောင်နေကြပြီး အကြောင်းအမျိုးမျိုးနဲ့ မပြန်နိုင်ကြသေးတဲ့ မိသားစုတွေထဲက ကလေးတွေကို မန်ကောင်းဘုန်းတော်ကြီးကျောင်း၊ မန်ဆူကျောင်း၊ ကန်မိန်းကျောင်းနဲ့ တောရကျောင်းတွေက သက်ဆိုင်ရာ ဘုန်းကြီးတွေအပြင် ပြင်ပဆရာမတွေက လာရောက်သင်ကြားနေတာဖြစ်ပါတယ်။
“ပြန်နေဖို့ကလည်း အိမ်တွေကလုံးဝပျက်စီးနေ၊ ပြန်ဆောက်ဖို့ကလည်း ပိုက်ဆံမရှိ၊ စစ်ရှောင်နေရတာကြာလာတော့လည်း ဘယ်ကမှ အထောက်အပံ့မရ ၊ ဝင်ငွေရလမ်းလည်း မရှိတဲ့ကာလမှာ မြို့ပြန်ပြီး ဖြစ်သလို ရှာကြံစားမယ်ဆိုတော့လည်း ကလေးပညာရေးကအစ အခက်အခဲကြုံနေရတာ” လို့ သိန္နီမြို့မှ လားရှိုးမြို့ကို စစ်ရှောင်နေရင်း သားသမီးပညာရေးအတွက် အခက်အခဲကြုံနေရသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကိုးကန့် MNDAA သိမ်းပိုက်ထားတဲ့ သိန္နီမြို့က အရင် အခြေခံပညာကျောင်းတွေမှာ မြန်မာစာမသင်ဘဲ တရုတ်စာကိုသာ အဓိကထားသင်ကြးမယ်လို့ သတင်းတွေကြားနေရတဲ့အတွက် ကလေးတွေအနေနဲ့ စာသင်ဖို့အခက်ကြုံနေရရတယ်လို့ လားရှိုးမှာ စစ်ရှောင်နေသူ တစ်ဦးထံက သိရပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ လားရှိုးမြို့ပေါ်က ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးနီးစပ်ရာမှာ ခိုလှုံနေရတာဖြစ်ပြီး ကျောင်းဖွင့်ရာသီမှာ နေရပ်မပြန်နိုင်တဲ့အတွက် လားရှိးမြို့ပေါ်က စာသင်ကျောင်းတွေမှာ ပညာသင်ကြားနိုင်ဖို့ မျှော်လင့်နေကြတယ်လို့လဲ သိရပါတယ်။
သိန္နီမြို့မှာ ရပ်ကွက် ၄ ခုရှိပြီး အိမ်ထောင်စုပေါင်း ၅၄၁၉၀ ရှိကာ စစ်ကောင်စီအုပ်ချုပ်စဉ်က အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနဲ့ မူလတန်း ကျောင်း ၁၅ ကျောင်းကျော်ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ သတင်းအချက်အလက် ဖေါ်ပြချက်တွေအရ သိရပါတယ်။
MK-012








