မဲခေါင် မေ ၁၆
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
“အခုဖြစ်သွားတာက ကုန်းထိပ်နားနေတဲ့နေရာက တကွက်လုံးဖြစ်သွားတာပေါ့နော်။ လေပွေလှိုင်းနဲ့တည့်တည့်ဖြစ်သွားတာမျိုးပေါ့။ လောလောဆယ်အရေးပေါ်လိုတဲ့ မိုးကာက တနေရာကမှ မရသေးဘူး။ တခြားတနေရာမှာပဲ ခနနေနေရတယ်ပေါ့။ မိုးကာကလည်း အနည်းဆုံးတနှစ်ကို နှစ်ခါလဲနိုင်မှအဆင်ပြေတာပေါ့။ ခုက လေပြင်းကျတော့ ပျက်စီးကုန်တာပေါ့နော်”လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး တောင်ကုန်းနားမှာ ဆောက်လုပ်ထားတဲ့ နေအိမ် ၁၀ အိမ်ကျော်က မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးမှု ကြီးမားပြီး မိုးကာတွေ အရေးပေါ်လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင် စာသင်ကျောင်းဆောင်အတွက်လည်း မိုးကာတွေလိုအပ်နေပါတယ်။
ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေက မိုးကာတဲတွေဆောက်လုပ်ပြီး စစ်ဘေးရှောင်ကြတာဖြစ်တဲ့အတွက် နွေ၊ မိုး၊ ဆောင်း ရာသီဥတုဒဏ်ကို မခံနိုင်ဘဲ ဆွေးမြေ့ကုန်တာ၊ ပေါက်ပြဲကုန်တာနဲ့ မိုးမလုံတာတွေကိုလည်း ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

မိုးတွင်းကာလ ရောက်တော့မှာဖြစ်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ နေအိမ် အမိုးအတွက် မိုးကာစတွေ အများအပြားလိုအပ်နေတဲ့အတွက် ပြည်တွင်း ပြည်ပက ပြည်သူတွေ ကူညီပေးကြဖို့ကို စစ်ဘေးရှောင်တွေက တောင်းဆိုထားပါတယ်။
စစ်ရှောင်ကာလ ၃ နှစ်နီးပါးအထိရှိလာတကြောင့် ရိက္ခာပြတ်လပ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေနဲ့ မိုးကာလိုအပ်မှုတွေကြောင့် အခက်အခဲတွေကြုံနေပြီး နေရပ်ပြန် နေထိုင်ဖို့ကလည်း အဆင်မပြေသေးဘူးလို့ သိရပါတယ်။
CJ-004









