မဲခေါင်၊ မေ ၃
ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။
PPDF-KD ရဲ့ တပ်နယ် ၂ က ကရင်ပြည်နယ် ကော့ကရိတ်- မြဝတီ- သင်္ကန်းညီနောင် တိုက်ပွဲတွေမှာ မဟာမိတ်အဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“တခြားဒေသတွေမှာလည်းပဲ စစ်ရေးလိုအပ်ချက်အရ သက်ဆိုင်ရာ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး တိုက်ပွဲဝင်ဖို့ ရှိပါတယ်” လို့ PPDF-KD ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
PPDF-KD တပ်နယ် ၂ ဟာ လက်ရှိတွင် သထုံခရိုင်၊ ဘီးလင်း၊ ရွှေကျင်မြို့နယ်တွေမှာ KNLA၊ PDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။


ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်-မြဝတီ-သင်္ကန်းညီနောင် တိုက်ပွဲဝင်ပြီး ပြန်လာတဲ့ ရဲဘော်တွေကို ဂုဏ်ပြုခဲ့တဲ့အပြင် ငွေသားကျပ်ငါးသောင်းလည်း ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ PPDF-KD ဟာ တပ်နယ် ၁ သထုံခရိုင်၊ တပ်နယ် ၂ ဘားအံခရိုင်၊ တပ်နယ် ၃ ရှမ်း-ကယားနယ်စပ်တွေမှာ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ လှုပ်ရှားနေပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပေဒထုတ်ပြန်လိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်ထဲ ဝင်မလား၊ တော်လှန်ရေးတပ်ထဲ ဝင်မလားဆိုပြီး အများပြည်သူသိအောင် ထုတ်ပြန်ချက်နဲ့ တပ်သားသစ်တွေကို ဖေဖော်ဝါရီလအတွင်းမှာ စုဆောင်းခဲ့ပါသေးတယ်။
MK-001








