မဲခေါင်၊ မေ ၁
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တစ်လကြာတဲ့ အဲ့ဒီ အခြေခံစစ်သင်တန်း အပတ်စဉ် (၁) မှာ သင်တန်းသား ၅၀၀ ကျော်ပါဝင်ပြီး ရှမ်းတောင် ကာကွယ်ရေးတပ်ရင်းက သင်တန်းသားအသစ် ၁၅၂ ယောက်ပါဝင်ခဲ့တယ်လို့ တပ်ရင်းတွေဆီက သိရပါတယ်။
အဲ့ဒီ သင်တန်းသား ၁၅၂ ယောက်ထဲက ၉၀ ရာခိုင်နှုန်းဟာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးမှ PDF ရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ချင်တဲ့အတွက် ရောက်လာကြသူတွေကို စိစစ်ထားတာလို့ ဆိုပါတယ်။

“ အခု သင်တန်းဆင်းတဲ့ထဲမှာ ဥပဒေမထုတ်ခင်က ကြိုရောက်နေတဲ့ ရဲဘော်အသစ်ရောပါပါတယ်။ မထုတ်ခင်က သိပ်မလာကြပါဘူး။ အဲ့ဥပဒေပြီးမှလာတာ ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်” လို့ ၁၀၀၈ တပ်ရင်း ဒုတပ်ရင်းမှူး ကိုတွတ်က မဲခေါင်ကိုပြောပါတယ်။
ရှမ်းတောင်အခြေစိုက် တပ်ရင်းအနေနဲ့ SSRY-၁၀၀၈တပ်ရင်း က သင်တန်းသား ၉၇ ယောက်ဖြင့် အများဆုံး တက်ရောက်ခဲ့ကြပါတယ်။ အဲ့ထဲမှာ တပ်ခွဲ ၂ – cobra forceက ဓနုတိုင်းရင်းသား အမျိုးသမီးရဲဘော် ၂ ဦးလည်း ပါဝင်တယ်လို့ တပ်ရင်းဆီက သိရပါတယ်။ ၁၀၀၅ တပ်ရင်းကလည်း သင်တန်းသား ၄၀ ခန့် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
“ အခုစစ်သင်တန်းက အရမ်းကြမ်းလို့ အမတို့တပ်ရင်းကတော့ ယောင်္ကျားလေးတွေပဲ ပို့လိုက်တာ။ မိန်းကလေးတွေတော့ တချို့ကရောက်ပြီးမှ အိမ်ကတအားစိတ်ပူတာ၊ အသက်လိမ်ကြတာ၊ မိဘလာခေါ်တာတွေရှိတယ်” လို့ ၁၀၀၅ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ မနန်းစံက ပြောပြပါတယ်။
အခုသင်တန်းကို KNDF က ဒီးမော့ဆို အရှေ့ခြမ်းတနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသစ်ဖော်ဆောင်ထားတဲ့ စစ်ဗျူဟာအမှတ် (၇) အတွက် သင်တန်းသားအသစ် ၅၀၀ ကျော်ကို အခြေခံ စစ်သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။
ကရင်နီပြည်မှာ နွေဦးတော်လှန်ရေးကာလ တလျှောက် အကြမ်းတမ်းဆုံး လေ့ကျင့်မှုတွေပြုလုပ်ရတဲ့ သင်တန်းဖြစ်တယ်လို့ သင်တန်းပြုလုပ်သူတွေက ပြောပါတယ်။
“ KNDFက လုံးဝ စစ်မြေပြင်မှာနေထိုင်ရမဲ့ပုံစံတွေ၊ အမိန့်နာခံအောင်တွေ၊ သတိဆို လုံးဝမလှုပ်ဘဲပေါ့နော်။ ၅ မိနစ် ၁၀ မိနစ် အတောင့်လိုက်မလှုပ်ဘဲနေအောင်တွေ လုပ်ခိုင်းတာ။ နေပူခါကျ မနက်အစော PT ပြေး၊ လေ့ကျင့်ရေးလုပ်၊ နေ့လည်ခဏနား၊ ညဘက်တွေပြန်လေ့ကျင့်နဲ့။ PTပြေးတာလည်း ဒီတိုင်းကွင်းပတ်ရတာမဟုတ်ဘဲ တောင်ပေါ်တွေထိတက်ပြေးရတာ။ နိုင်ငံရေးအသိအတွက် စာဖတ်ချိန်လည်းပါတယ်။ တကယ်ခြုံခိုရတယ် ရန်သူကြာရောက်လို့ဆိုပုန်းနေရင်မလှုပ်မယှက်နေရာယူရမှာကိုး တော်တော်တော့မိုက်တယ်” လို့ အဲ့ဒီစစ်သင်တန်း ပြုလုပ်နေစဥ် သွားရောက်ခဲ့ရတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခြေခံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို မနေ့ ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ သင်တန်းသားတွေကို သက်ဆိုင်ရာတပ်ရင်းတွေက ကျွမ်းကျင်မှုအလိုက် တိုက်ခိုက်ရေး၊ ဆေးတပ်၊ ကယ်ဆယ်ရေး၊ ရုံးပိုင်းနဲ့ ထောက်ပို့ စသဖြင့် မွမ်းမံသင်တန်းတွေ ထပ်တက်ခိုင်းပြီး လက်နက်ဆင်ပေးနိုင်ဖို့ ကြိုးစားသွားမယ် လို့သိရပါတယ်။
လက်ရှိမှာ ရှမ်းတောင်အခြေစိုက်တပ်ရင်းတွေအနေနဲ့ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ခွင့်ရသွားတဲ့ ဆီဆိုင်ဒေသဘက်ကို အင်အားအလုံးအရင်းနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
CJ-001








