မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကျောင်းကုန်းရွာရှိ ကြံစိုက်ပျိုထားတဲ့ ခြံအတွင်း ကြံတွေကို ခုတ်ယူရာမှ ၁၀၂၇ စစ်ဆင်ရေးလက်ကျန် မပေါက်ကွဲသေးတဲ့ RPG ထိပ်ဖူးကို ကြံခုတ်ရင်းထိမိလို့ ပေါက်ကွဲမှုဖြစ်ကာ ၁ ဦးသေ ၃ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း SSPP က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာရှိ ပန်ကလားရွာရဲ့မြောက်ဘက် နောင်ပစ်ရွာသွား လမ်းအနီးက ဦးမြင့်ဦးရဲ့ခြံမှာ ကြံများကို ခုတ်ပြီးကားပေါ်တင်နေစဉ် ခြံအတွင်းမြေကြီးထဲစိုက်ဝင်နေတဲ့ RGP 7 ထိပ်ဖူး ၁ ခုကို သွားရောက်ထိမိလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ ခဲမွန်ရွာက စိုင်းထွန်းလှ ၁၇ နှစ်မှာ တစ်ကိုယ်လုံးဒဏ်ရာများရရှိခဲ့ကာ နေရာတွင်ပင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်မှာ အနီးနားက နောင်ပစ်ရွာက စိုင်းလှရွှေ ၃၇ က ရင်အုံနဲ့ ဆီးအိမ်တို့တွင်လည်းကောင်း၊ ခဲမွန်ရွာက စိုင်းလူ ၂၇ နှစ်တွင် နောက်ကျော၊ ရင်အုံနဲ့ဆီးခုံတို့တွင်လည်းကောင်း၊ နောင်ပစ်ရွာက စိုင်းထွန်းအောင် ၂၃ နှစ်မှာ ဘယ်ဘက်နံပါးတွင်လည်းကောင်း ပြင်းထန်ဒဏ်ရာတွေရရှိခဲ့လို့ ကျောက်မဲက ကမ်းလင့်လက်များ လူမှုကူညီမှုအသင်းကား ၄ စီးနဲ့ သေသူနဲ့ဒဏ်ရာရလူနာတွေကို ကျောက်မဲဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သူ ၂ ယောက်ကို မန္တလေးဆေးရုံကြီးကို ဆက်လက်ပို့ဆောင်တယ်လို့ဆိုပါတယ်။
အခုလိုဖြစ်ရတာ မျိုးနောက်ထပ် မဖြစ်ရအောင် ယင်းရွာအနီး တာဝန်ကျ SSPP တပ်ဖွဲ့က စစ်လက်ကျန် ဗုံးများ၊ လက်နက်များတွေ့ရှိပါက လုံး၀ ကိုင်တွယ်ခြင်း၊ ထိမိခြင်းများမပြုလုပ်ကြရန်နဲ့ ၎င်းတို့ တပ်ဖွဲ့ကို အမြန်အကြောင်းကြားရန်ပြောကြားခဲ့တယ်လို့ သတင်းစဉ်မှာဖော်ပြပါရှိပါတယ်။
၁၀၂၇ စစ်ဆင်ရေးလက်ကျန် ဗုံးများ၊ မိုင်းများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ရွာများတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများ နေ့စဉ်နီးပါး တွေ့ကြုံနေရသည့်အတွက် ပေါက်ကွဲစေတတ်တဲ့ အန္တရာယ်ရှိ စစ်လက်ကျန် ဗုံးနဲ့ မိုင်းများကို အလွန်သတိထား သွားလာ လုပ်ကိုင်ဆောင်ရွက်ကြရန် အဖွဲ့အစည်းအသီးသီးက တိုက်တွန်းနှိုးဆော် သတိပေးလျက်ရှိတယ်လို့သိရပါတယ်။
MK-012








