မဲခေါင်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့စစ် ၂ ဦး ဖမ်းဆီးရမိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ဒေသတွင်းလုံခြုံရေးဆောင်ရွက်နေသည့် PNLA လုံခြုံရေးတပ်ဖွဲ့ကို စစ်ကောင်စီနဲ့ အပေါင်းအပါများက ဆီဆိုင်မြို့နယ်တနေရာတွင် ချောင်းမြောင်းပစ်ခတ်သဖြင့် ချောင်းမြောင်းပစ်ခတ်သူကို ပိတ်ဆို့ဖမ်းဆီးရာ ပြည်သူ့စစ် ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းပါတွေဟာ လွယ်ပွတ်ကျေးရွာအတွင်းသို့ ဝင်ပြေးပြီး ဒေသခံပြည်သူတွေရဲ့ မော်တော်ယာဉ်တွေကို လုယက်ယူဆောင် ထွက်ပြေးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာလည်း ဆီဆိုင်မြို့မြောက်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီအလောင်း ၆ လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ကြေညာထားပါသေးတယ်။
ထိတွေ့မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီနဲ့အပေါင်းအပါတွေက စစ်ရေးပစ်မှတ်မဟုတ်တဲ့ လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တာမှာ ကလေးငယ် ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
#MeKongNews
#စစ်ကောင်စီ
#ပြည်သူ့စစ်
#ပအိုဝ်း
#ဖမ်းမိ









