မဲခေါင်၊ ဒီဇင်ဘာ ၂၉
ရှမ်းပြည်မြောက်ပိုင်း နမ္မတူနဲ့ သီပေါကြားမှာ ရှိတဲ့ မိုးတေချောင်းတံတား ဒီဇင်ဘာလ ၂၈ရက် ညနေပိုင်းမိုင်းခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မိုင်းခွဲခံရတာကြောင့် တံတားဟာ ကျိုးကျမယ့် အခြေအနေရှိပြီး ကားတွေလည်းဖြတ်လို့မရဘူးလို့ သီပေါဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ညနေက ဖြစ်သွားတာ။ ဘယ်အဖွဲ့လုပ်လဲမသိဘူး။ မဖြတ်ခိုင်းဘူး။ ကားတွေလည်း ဖြတ်လို့မရဘူး” လို့ သူက ပြောပါတယ်။
သီပေါနဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းအဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး မနေ့ ဒီဇင်ဘာလ ၂၈ရက် ညမှာလည်း ပစ်ခတ်သံတွေကြားနေရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
တံတားဖျက်ဆီးမှုနဲ့ပတ်သက်ပြီး TNLA နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်စွပ်စွဲထားပြီး မိုးတေ ချောင်းတံတားကို ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၆ နာရီ ခန့်က စစ်ကောင်စီရဲ့ ၅၀၃၊ ၅၀၄ တပ်က လာရောက် မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်မှာတော့ သီပေါ – နမ္မတူ တံတားကို TNLA က မိုင်းခွဲဖျက်ဆီးကြောင်း ရေးသားထားပါတယ်။
CJ – 008
Photo – PSTF/TNLA သတင်းနဲ့ ပြန်ကြားရေး ဌာန
#MeKongNews
#မိုးတေ
#TNLA
#သီပေါ
#နမ္မတူ












