မဲခေါင်၊ နို၀င်ဘာ ၂၃
တိုက်ပွဲ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော် ဒေသက ပြည်သူတွေ ရှမ်းတောင်ဘက် စစ်ရှောင်ဖို့ အသုံးပြုနေတဲ့ အဓိက လမ်း ၂ ခုကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ် ပူးပေါင်း ပိတ်ဆို့လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ကနေ ဖယ်ခုံမှ တစ်ဆင့် ပင်လောင်းမြို့သို့ ရောက်တဲ့ လမ်းအပြင် လွိုင်ကော်ဒေသမှ ညောင်ရွှေသို့ သွားရောက်နိုင်ပြီး စစ်ရှောင်တွေ အဓိက အသုံးပြုနေတဲ့ ဖယ်ခုံ-ညောင်ရွှေ လမ်းကိုပါ ပိတ်လိုက်တယ်လို့ ဆိုပါတယ်။
အောင်ပန်း-ပင်လောင်း- ဖယ်ခုံ-လွိုင်ကော် လမ်းကို နေ့စဥ် အသုံးပြုနေတဲ့ ဒေသတွင်း ယာဥ်မောင်း တစ်ဦးက “လမ်းပိတ်လိုက်တာ ဟုတ်တယ်။ မနေ့ညနေ ကတည်းက ရန်ကုန်-လွိုင်ကော် ကားတွေ ပစ္စည်းတွေကို ပင်လောင်းမှာပဲ ချခဲ့တော့တာ။ ကိုယ့်ကားနဲ့ ကိုယ်ဆို ဆောင်းပြောင်းထိတော့ သွားလို့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လွိုင်ကော် စစ်ရှောင်တွေ အဓိက အသုံးပြုနေတဲ့ လွိုင်ကော် မှတဆင့် ဖယ်ခုံ ကနေ ညောင်ရွှေ အထိ သွားရောက်နိုင်တဲ့ ဂျာမဏီလမ်းကိုလည်း မှော်ဘီနဲ့ နောင်ပီဂိတ် တွေကနေ ပိတ်လိုက်ပြီလို့ သိရပါတယ်။
လွိုင်ကော် ဒေသခံကို ကယ်ထုတ်ပေးနေသူ တစ်ဦးက “ကျနော်တို့ မနေ့တည်းက လမ်းပိတ်မယ်ကြားလို့ ကားကြီးတွေနဲ့ နိုင်သလောက် အခေါက်ခေါက်အခါခါ သယ်ထုတ်ပေးတာ။ အဓိကတော့ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပေါ့နော်။ ပစ္စည်းများများ ပေးမယူဘူး။ လူလွတ်ဖို့နဲ့ လူများများဆံ့ဖို့ အရေးကြီးတာ ဆိုတော့။ လမ်းတွေက ဖြတ်လမ်းတွေတော့ ရှိတယ်။ ဒါ့မယ့် လမ်းမကောင်းဘူးလေ” လို့ ပြောပါတယ်။
လက်ရှိ လမ်းပိတ်ထားတဲ့ ဆောင်းပြောင်းဂိတ်နဲ့ မှော်ဘီဂိတ်၊ နောင်ပီဂိတ် တွေမှာ စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းပြီး နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲ ပြင်းထန်နေစဥ် လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းမကို စစ်ကောင်စီက ဖြတ်သန်းခွင့် ပိတ်ပင်ထားလို့ လွိုင်ကော်ဒေသခံ စစ်ရှောင်ဘေးတွေဟာ တခြားလမ်းတွေ အသုံးပြုနေရပြီးနောက် စစ်ကောင်စီက အဲ့ဒီလမ်းတွေကိုပါ ထပ်မံ ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။
CJ-001
#MeKongNews
#လွိုင်ကော်
#စစ်ဘေးရှောင်
#ပအို၀်း_ပြည်သူ့စစ်








