မဲခေါင်၊ ဇန်နဝါရီ ၃
ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော အီရန်ဆန္ဒပြပွဲများတွင် လူသေဆုံးမှုများ ဖြစ်ပေါ် လာခဲ့ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အီရန်က သတ်ဖြတ်နေလျှင် အမေရိကန်က ကြားဝင်ရလိမ့်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။
“အီရန်က သူတို့ ထုံးစံအတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေရင် အမေရိကန်က သူတို့ကို ဝင်ကယ် သွားမယ်”ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်ပေါ်တွင် ပြောကြားသည်။
“ကျွန်တော်တို့က ချိန်ထားပြီးသား၊ ကျည်ထိုးထားပြီးသား ပစ်ဖို့ အသင့်ပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
စီးပွားရေး ခက်ခဲမှုများကြောင့် ၃ နှစ်အတွင်း အီရန်ပြည်နယ် အများအပြားတွင် အကြီးမားဆုံး ဖြစ်ပေါ်လာခဲ့သည့် ဆန္ဒပြပွဲများတွင် လူသေဆုံးမှုများ ရှိလာရာ၌ ထရမ့်၏ ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယမန်နေ့ညက နိုင်ငံအနောက်ပိုင်း ခိုဒက်ရှ်မြို့ ဆန္ဒပြပွဲများတွင် အီရန် လုံခြုံရေးတပ်ဖွဲ့မှ အရန် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း အစိုးရရုပ်သံက ပြောသည်။
နိုင်ငံတစ်ဝန်းတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့မှုများအတွင်း အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုနှင့် ငွေတန်ဖိုး ကျဆင်းမှုအပေါ် အစိုးရ၏ ကိုင်တွယ်ပုံကို မကျေနပ်၍ အီရန် မြို့မဈေးကြီးမှ ဈေးဆိုင်ပိုင်ရှင်များက တနင်္ဂနွေနေ့တွင် စတင် ဆန္ဒပြရာမှ မြို့ကြီး အများအပြားသို့ ကူးစက်သွားခဲ့ကာ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။
အေးကျော်
Ref: FRANCE 24
#MeKongNews
#ဆန္ဒပြသူများ
#သတ်ဖြတ်
#အီရန်
#ထရမ့်
#ခြိမ်းခြာက်








