အမေရိကန်နှင့် ဖိလစ်ပိုင်တို့ ပူးတွဲစစ်ရေးလေ့ကျင့်နေပြီး တရုတ်နှင့် ထိုင်းလည်း ပူးပေါင်းစစ်ရေးလေ့ကျင့်
မဲခေါင်၊ မတ် ၂၅
မတ် ၂၄ ရက်နေ့မှ စတင်ပြီး ဖိလစ်ပိုင်နှင့် မဟာမိတ် အမေရိကန်တို့သည် ၂၀၁၆ ခုနှစ်ကတည်းက စတင်ပြီး နှစ်စဉ် ကျင်းပသည့် Salaknib အကြီးစား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ၃ ပတ်ကြာ ကျင်းပနေပြီဖြစ်သည်။
ယခုနှစ်တွင် Salaknib ပထမအဆင့်နှင့် နှစ်ကုန်ပိုင်းတွင် ဒုတိယအဆင့် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကာ ယခုကျင်းပနေသည့် ဒေသကာကွယ်ရေး အထူးသီးသန့် အကြီးစား စစ်ရေးလေ့ကျင့်မှုတွင် စစ်သည်ပေါင်း ၅၀၀၀ ပါဝင်ကြောင်း သိရသည်။
လက်ရှိ ဖိလစ်ပိုင် သမ္မတ ဖာနန်ဒိုမားကို့စ်ဂျူနီယာလက်ထက်တွင် တရုတ်၏ တောင်တရုတ်ပင်လယ် အတွင်း ဗိုလ်ကျ အနိုင်ကျင့်လာမှု အပေါ် ပြတ်သားစွာ တုံ့ပြန်ပြီး အမေရိကန်နှင့် မဟာမိတ်အဖြစ် ပိုမိုခိုင်မြဲစွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လာသည့်အတွက် ဖိလစ်ပိုင်သည် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်၏ ပြည်ပထောက်ပံ့ရေးငွေရပ်တန့်မှုမှ ကင်းလွတ်ခွင့်ရခဲ့ပြီး လုံခြုံရေးအသုံးစားရိတ် ဒေါ်လာ ၃၃၆ သန်း ရရှိနိုင်ခဲ့သည်။
ဖိလစ်ပိုင်သည် အမေရိကန်ဘက် အပြည့်အ၀ ရပ်တည်ခဲ့သော်လည်း ထိုင်းနိုင်ငံမှာမူ ဝီဂါများ တရုတ်ထံ ပြန်ပို့မှုကြောင့် အမေရိကန်၏ တာဝန်ရှိသူများအပေါ် ဗီဇာပိတ်ပင်မှု ခံထားရသလို တရုတ်နှင့် ပူးပေါင်းမှု အရှိန်မြှင့်တင်လာကာ မတ် ၂၄ ရက်မှ စတင်ပြီး ဧပြီလဆန်းပိုင်းအထိ တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းခရိုင် ဇန်ဂျင်းမြို့အနီး နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှု စတင် လုပ်ဆောင်နေခဲ့ပြီဖြစ်သည်။
တရုတ် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြို့ပြအကြမ်းဖက်မှု နှိမ်နင်းရေးဗျူဟာ၊ ပူးတွဲရေကြောင်းတိုက်ခိုက်မှု၊ ရေငုပ်သင်္ဘောတန်ပြန်စစ်ဆင်ရေးလုပ်ငန်းစဉ်များအတွက် ပူးပေါင်း စစ်ရေးလေ့ကျင့်သွားမည်ဟုလည်း သိရသည်။ ယခု ပူးပေါင်းစစ်ရေးလေ့ကျင့်မှုမှာ ၆ ကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရှိရသည်။
ကိုကလင်း
Ref: straitstimes
#MeKongNews









