မဲခေါင်၊ မတ် ၁၃
မတ် ၁၁ ရက်တွင် ဆော်ဒီနိုင်ငံ၌ ယူကရိန်း-ရုရှားစစ်ပွဲ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် ရုရှားဘက်က ယူကရိန်းဗဟိုဒေသများသို့ ဒုံးကျည်များဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများ ရှိခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့စ်ရူဘီယို၊ အမျိုးသားလုံခြုံရေး အကြံပေး မိုက်ခ်ဝဲလ်ဇ်နှင့်ကိုယ်စားလှယ်များ၊ ယူကရိန်းသမ္မတ ဇီလန်းစကီးကိုယ်တိုင်ဦးဆောင်သော ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့်အတူ အိမ်ရှင်အဖြစ် စေ့စပ်ပေးသော ဆော်ဒီမင်းသား မိုဟာမက်ဘင် ဆယ်လ်မန်တို့ ၈ နာရီကြာ ဆွေးနွေးပြီးနောက် ၎င်းတို့ဘက်မှ ရုရှား-ယူကရိန်းစစ်ပွဲ ရက် ၃၀ အပစ် အခတ်ရပ်စဲရေး လက်ခံသဘောတူညီနိုင်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးမှ အတည်ပြု ထုတ် ပြန်ခဲ့သော်လည်း ထိုစေ့စပ်ပေးခြင်းသဘောတူညီချက်ကို ပူတင်ဘက်က လက်ခံသဘောတူရန်သာ လို တော့သည်ဟုလည်း ထုတ်ပြန်သည်။
ရှေ့တစ်ရက်တွင် ယူကရိန်းသည် မော်စကိုမြို့နှင့်အနီးတစ်ဝိုက်ဒေသများသို့ ဒရုန်းပေါင်း ၃၅၀ ကျော် ဖြင့် စံချိန်တင်အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရကာ တိုက်တာအဆောက် အအုံနှင့်ကားများ ပျက်စီးခဲ့သည်။
ထိုအခြေအနေတွင် ရုရှား ကာကွယ်ရေးဒုဝန်ကြီးဟောင်းလည်းဖြစ် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဩဇာကြီးသူလည်းဖြစ်သော ရုရှားဗိုလ်မှူးကြီး အန်ဒရေး ကာတာပိုလော့ဗ်က ယူကရိန်းကို လက်စားချေရန် အသံထက် ၁၀ ဆမြန်ကာ တစ်နာရီ ၇၆၀၀ မိုင် အလျင်ဖြင့် ပစ်ခတ်နိုင်သည့် နျူကလီးယားနီးပါးပြင်းအားရှိ Oreshnik ဒုံးကျည်ဖြင့် ပစ်ခတ် လက်စားချေရေး ဖိအားပေးတိုက်တွန်းခဲ့သည်။
အဆိုပါ ဒုံးကျည်ဖြင့်ပစ်ခတ်ခြင်းမရှိသော်လည်း မတ် ၁၂ ရက်၌ ရုရှားဘက်မှ ယူကရိန်း ဗဟိုဒေသများ ဖြစ်သော အော်ဒက်ဆာ ဆိပ်ကမ်း၊ ကရာဗီရစ်ချ်နှင့် ဒီနီပရိုဒေသများသို့ ဒုံးကျည်များစွာဖြင့် အပြင်း အထန် ပစ်ခတ်လက်စားချေခဲ့သည်။
အော်ဒက်ဆာဆိပ်ကမ်း ဒုံးကျည်ပစ်ခတ်ခံရမှုတွင် ပြည်ပ သင်္ဘော တစ်စီး ထိမှန်ပြီး ဆီးရီးယားသား ၃ ဦးနှင့် ယူကရိန်းသား ၁ ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့ကြောင်း၊ မိနစ်ပိုင်းအကြာတွင် အော်ဒက်ဆာမြို့တွင်းသို့ အင်အားပြင်း ဒုံးကျည်တစ်လုံးထပ်ကျခဲ့ကြောင်း၊ တစ်ဆက်တည်း ဒီနီပရိုမြို့ပေါ် ဒရုန်း ၂၀ ဖြင့် တိုက်ခိုက်ခံရမှုတွင် ယူကရိန်း ဘက်မှ ဒရုန်း ၁၂ စင်းသား ဖျက်ချနိုင်သဖြင့် နေ့ကလေးထိန်းကျောင်းနှင့် စာသင်ကျောင်းအပါ အဆောက်အအုံ အနည်းဆုံး ၁၀ လုံး ပျက်ဆီးကြောင်း၊ ကရာဗီရစ်ချ်အရပ် ဒုံးကျည် ပစ်ခတ်ခံရမှုတွင်လည်း ၄၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးကာ ၂ ယောက်ဒဏ်ရာရကြောင်း၊ ညပိုင်း ဖျက်ချခံရသည့် ဒရုန်းအကြီးစားအပိုင်းအစ များ မြို့တော် ကိဗ်ရှိ လူနေအိမ်ရာများပေါ် ကျရောက်မီးလောင်မှုများလည်း ရှိခဲ့ကြောင်း ယူကရိန်း ဘက်က ထုတ်ပြန်ခဲ့သည်။
ဒေါ်နယ်ထရမ့်၏ ဦးဆောင်မှုဖြင့် ယူကရိန်း – ရုရှားစစ်ပွဲ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များရရှိသည်ဆိုသော်လည်း ရုရှားဘက်မှ ထိုသဘောတူညီချက်ကို အတည်မပြုသေးမီ ယူကရိန်းနိုင်ငံအပေါ် လက်စားချေတိုက်ခိုက်ခြင်းဖြစ်ကာ ထောက်လှမ်းရေးရင်းမြစ်များအဆိုအရ ယူကရိန်းသည် နယ်မြေ ၂၀ ရာခိုင်နှုန်းကို ရုရှားအားပေးအပ်ရန် သဘောတူပေးခဲ့ရသည်ဟုလည်း သိရှိရသည်။
Ref:Thesun
ကိုကလင်း
#MeKongNews
#ရုရှား
#ယူကရိန်း
#အပစ်ရပ်








