အမေရိကန်ဘက်မှ မည်သည့်စစ်မျိုးလိုလားသည်ဖြစ်စေ ရင်ဆိုင်ရန်အသင့်ဟု တရုတ် ထုတ်ပြန်
မဲခေါင်၊ မတ် ၇
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့်တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲ တင်းမာ လွန်းလာချိန် တရုတ်သည် ယခုနှစ် စစ်ရေးဘတ်ဂျက် ၇ . ၂ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီယန်ဂျီယန်းက အမေရိကန်ဘက်ကသာ မည်သည့်စစ်ပွဲအသွင်မျိုးအလိုရှိခဲ့သည်ရှိသော် အားလုံးကို ရင်ဆိုင်ရန်အသင့်ဟု ပြတ်သားစွာ တုံ့ပြန်ပြောဆို သွားခဲ့သည်။
အမေရိကန်ဘက်မှ ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာပြီးနောက် မိမိနိုင်ငံအတွင်း တရုတ်သွင်းကုန်များအတွက် အခွန် ကို ယခင်ထက် ၂ ဆ ဖြစ်သည့် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်ပြီဖြစ်ရာ တရုတ်ဘက်မှလည်း ရွေးချယ် သတ်မှတ်ထားသော ကုန်စည်များ တရုတ်ပြည်တွင်း တင်ပို့လျှင် အခွန် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံ လိုက်သလို အမေရိကန် ပို့ကုန်လုပ်ငန်းဒါဇင်နှင့် ချီအား ပို့ကုန်ပိတ်ဆို့မှုကဏ္ဍ ထပ်မံချဲ့တွင်လိုက်ပြီး အမေရိကန် ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း World Trade Organisation တွင်ပါ တရားစွဲဆိုမှုများ တုံ့ပြန်ပြုလုပ်ခဲ့သည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး လီယန်ဂျီယန်းက ‘’ တကယ်လို့ အမေရိကန်ဘက်က စစ်နဲ့ပတ်သက်လို့ ဖြစ်ချင် တယ်ဆိုရင် အခွန်စစ်ပွဲလား၊ ကုန်သွယ်ရေးစစ်ပွဲလား၊ ဘယ်လိုစစ်ပွဲမျိုးပဲ ဖြစ်ချင်ဖြစ်ချင် အဆုံးအထိ တိုက်ပွဲ ဝင်သွားဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပြီ။ တရုတ်နဲ့ ဆက်ဆံရေးမှာ ဖိအားပေးခြင်း၊ အနိုင်ကျင့်ခြင်း နဲ့ ခြိမ်းခြောက်ခြင်းလမ်းစဉ်တွေဟာ မှန်ကန်တဲ့ လမ်းစဉ်တွေမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံတွင်း စီးပွားရေး ကပ်ဆိုက်မှုဖြစ်နေခြင်းဟာ သူတို့တာဝန်သာဖြစ်တယ်။ အမေရိကန်ပြည်သူတွေ ကောင်းမွန်ဖူလုံစေရေး ကျွန် တော်တို့ဘက်က ထောက်ပံ့ကူညီသွားဖို့ ဆန္ဒရှိပါတယ်။ ထရမ့်ရဲ့ အစိုးရအဖွဲ့ စွပ်စွဲသလို ဒီနောက်ကွယ်မှာ ကျွန်တော်တို့ နိုင်ငံက အနှောင့်အယှက်ပေးနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒီအကြောင်းပြချက်နဲ့ အခွန် တိုးမြှင့်ခြင်းကို အကြောင်းပြချက် လုပ်ထားတာပါ” ဟု ပြင်းပြင်းထန်ထန် စိန်ခေါ်စကားဆိုသွားခဲ့သည်။
တရုတ်သမ္မတရှီကျင်းဖျင်သည် အမေရိကန်နှင့် တောင်တရုတ်ပင်လယ်အရေး၊ ကုန်သွယ်ရေးစစ်ပွဲ ဆိုက်ရောက် လာသည့်အနေအထားများနှင့်ပတ်သက်ပြီး ရက်ပိုင်းအတွင်းက အမျိုးသားပြည်သူ့လွှတ်တော် ခေါ်ယူကာ တံခါး ပိတ်ဆွေးနွေးပြီး အမေရိကန်အပေါ် တန်ပြန်ရေး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။
နှစ်နိုင်ငံ ကုန်သွယ်ရေး စစ်ပွဲ မှသည် စစ်မက်ဖြစ်လာနိုင်သည့် အနေအထားပင်ရှိနေသဖြင့် မနှစ်ကထက်စာလျှင် ယခုနှစ် စစ်အသုံးစားရိတ်ကို တရုတ်ဘက်က ၇-၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန် ဆုံးဖြတ်ခဲ့ကာ ထိုငွေပမာဏ ဒေါ်လာ ၂၄၅ ဘီလီယံထက် စစ်အသုံးစားရိတ် ပိုသုံးသည့်နိုင်ငံမှာ အမေရိကန်သာ ရှိတော့ကြောင်း သိရသည်။
Ref: 9news
ကိုကလင်း
#MeKongNews








