ယူကရိန်းစစ်ရပ်တန့်ရေး ဆွေးနွေးဖို့ ငြင်းရင် ပူတင်ကို ထပ်အရေးယူမယ်လို့ ဒေါ်နယ်ထရမ့် သတိပေး
မဲခေါင်၊ ဇန်နဝါရီ ၂၃
အမေရိကန်သမ္မတဖြစ်ပြီး ဒုတိယရက်မှာပဲ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲရပ်တန့်နိုင်ရေး ရုရှားသမ္မတ ပူတင်ဟာ ဆွေးနွေးဖို့ ငြင်းဆိုရင် ပိတ်ဆို့အရေးယူမှု ထပ်လုပ်ရမှာဖြစ်ကြောင်း သတိပေးသွားသလို တရုတ်သမ္မတ ရှီကျင်းဖျင်ကိုလည်း ဒီငြိမ်းချမ်းရေးအတွက် လုပ်သင့်သလောက် မလုပ်သေးလို့ ပြေလည်အောင် လုပ်သင့်ကြောင်း သတိပေးတိုက်တွန်းပြောကြားသွားပါတယ်။
ထရမ့်ဟာ မဲဆွယ်စဉ်ကာလကတည်းက သူသမ္မတဖြစ်တာနဲ့ ၂၄ နာရီအတွင်း ယူကရိန်း-ရုရှားစစ်ပွဲ ရပ်တန့် သွားစေရမယ်လို့ ပြောထားပေမယ့် သမ္မတဖြစ်ပြီး ပထမရက်မှာ ဒီအရေး ပြောဆိုမှုမလုပ်သေးဘဲ ဒုတိယရက် မှာတော့ ဂျိုးဘိုင်ဒန်လက်ထက်ကတည်းက ပိတ်ဆို့အရေးယူမှုပေါင်းများစွာ ပြုလုပ်ထားပြီးသား ရုရှားကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ငြင်းဆန်ရင် ထပ်မံပိတ်ဆို့ရမှာဖြစ်ကြောင်းနဲ့ ယူကရိန်းကို စစ်ရေးထောက်ကူ ထပ်မံ ပေးပို့ဖို့အရေးက အခြေအနေတွေကို ချင့်တွက်ရဦးမယ်လို့ ထရမ့်က ပူတင်ကို ခြိမ်းခြောက်သွားတာဖြစ်ပါတယ်။
“ကျွန်တော်တို့ ယူကရိန်းသမ္မတ ဇီလန်းစကီးနဲ့ စကားပြောဆိုနေပါတယ်။ မကြာခင်လေးမှာပဲ ရုရှားသမ္မတ ပူတင်နဲ့လည်း စကားပြောဆိုမှာပါ။ ဒီအခြေအနေတွေကို ကြည့်ရမယ်။ ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ ပေးပို့ဖို့လည်း လေ့လာကြည့်ရှုနေတယ်။ ဥရောပ သမ္မဂကတော့ အရင်ထက် ယူကရိန်းကို စစ်ရေးအထောက် အပံ့တွေ ပိုပေးသင့်တယ်။ တရုတ်သမ္မတရှီကျင်းဖျင်ဆိုရင်လည်း ကျွန်တော်တို့ အမေရိကန်မှာရှိတဲ့ ပါဝါလို သူ့မှာလည်း ပါဝါအများကြီးရှိနေပါလျှက် ရုရှား-ယူကရိန်းစစ်ပြေငြိမ်းရေး ဘာမှ များများစားစားမလုပ် သေးဘူး။ သူတို့ ဒီထက်ပိုပြီး ပြေလည်အောင် လုပ်သင့်တယ်။ ဒါတွေ စောင့်ကြည့်သွားမယ်” လို့ ထရမ့်က ထုတ်ပြန်ပြောဆိုသွားပါတယ်။
Ref: indiatoday
MKF-001
#MeKongNews







