တောင်တရုတ်ပင်လယ်မှာ တရုတ်ကမ်းခြေစောင့်တပ် ဗိုလ်ကျစိုးမိုးမှု ဖိလစ်ပိုင် ကန့်ကွက်
မဲခေါင်၊ ဇန်နဝါရီ ၁၃
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တရုတ်နဲ့ အမေရိကန်ရဲ့ မဟာမိတ် ဖိလစ်ပိုင်တို့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုပြဿနာတွေ မြင့်တက်နေခဲ့ရာမှာ ဇန်နဝါရီ ၅ ရက်နဲ့ ၁၀ ရက်နေ့တွေက တရုတ်ကမ်းခြေစောင့်တပ် ရဲ့ စစ်သင်္ဘောနှစ်စီး ဖိလစ်ပိုင်ရဲ့ အထူးစီးပွားရေးဇုန် ရေပိုင်နက်အတွင်း ဝင်ရောက်လာမှုအပေါ် ဖိလစ်ပိုင်က ဆန့်ကျင်ကန့်ကွက်ကြောင်း သတိပေးခဲ့ပါတယ်။
ဒီလို ဖိလစ်ပိုင် ရေပိုင်နက်ထဲဝင်လာတဲ့ တရုတ်သင်္ဘော နှစ်စီးမှာ စစ်သုံးရဟတ်ယာဉ်တွေပါ တင်ဆောင်လာတဲ့ သင်္ဘောလည်းပါတာကြောင့် တရုတ်ဟာ ဖိလစ်ပိုင်ရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေကို ထိပါးပြီး နှစ်နိုင်ငံတင်းမာမှုတွေ ဆက်လက်မြင့်တက်စေဖို့ ဗိုလ်ကျစိုးမိုးခြင်းဖြစ်ကြောင်းနဲ့ ချက်ချင်း ဒီသင်္ဘောတွေ ပိုင်နက်ထဲ ထပ်မဝင်လာဖို့ အမိန့်ထုတ်ပေးဖို့ တရုတ်ထံ ရေးသားပေးပို့ခဲ့ပါတယ်။
တစ်ပြိုင်တည်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာဟာ တောင်တရုတ်ပင်လယ်အရေး အဓိကမဟာမိတ်တွေဖြစ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျပန်ဝန်ကြီးချုပ် အစ်ရှီဘာတို့ထံ ဖုန်းဆက်သွယ်ပြီး တရုတ်ရဲ့ တောင်တရုတ်ပင်လယ်မှာ ဗိုလ်ကျစိုးမိုးမှုကို ဟန့်တားဖို့အရေး ဆွေးနွေးခဲ့ကြပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုဂျီယာကွန်းကတော့ ဖိလစ်ပိုင်ဟာ မလိုအပ်တာကို ပုံကြီးချဲ့ပြီး တင်မားမှုကို အဓိက ဖန်တီးနေတာသာဖြစ်ကြောင်း၊ တရုတ်ရဲ့ လုပ်ရပ်ဟာ ကျိုးကြောင်းဆီလျှော်မှုရှိပြီး ဥပဒေနဲ့အညီ ကင်းလှည့်တာသာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
တရုတ်ဟာ နိုင်ငံတကာက သတ်မှတ်ပေးထားတဲ့ တောင်တရုတ်ပင်လယ်က ဖိလစ်ပိုင်ရေပိုင်နက်၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်ပိုင်နက်တွေကို အသိအမှတ်မပြုဘဲ ပိုင်နက်တစ်ခုလုံးဟာ သူတို့ သမိုင်းဦးကတည်းက ပိုင်ခဲ့တဲ့ ပိုင်နက်တွေဖြစ်တယ်လို့ မူဝါဒချမှတ်ထားပြီး တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃ ထရီလီယံရှိတဲ့ ပင်လယ်ရေကြောင်း ခရီးသွားလာရေးဇုန်တစ်ခုလုံးကို ပိုင်ဆိုင်ဖို့ ဗိုလ်ကျစိုးမိုးနေခဲ့တာဖြစ်ပါတယ်။
Ref: asia.nikke
MKF-001
#MeKongNews








