တောင်ကိုရီးယား သမ္မတဟောင်းကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ ထောင်ပေါင်းများစွာ ဆန္ဒပြကြပြန်
မဲခေါင်၊ ဇန်နဝါရီ ၁၃
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုကို ဇန်နဝါရီ ၁၁ ရက်နေ့မှာပဲ ဆိုးလ်မြို့က နေထိုင်ရာအိမ်ကို စုံစမ်းစစ်ဆေးရေး အဖွဲ့က အဆင့်မြင့်ရဲအရာရှိ ၁၀၀၀ ကျော်အထိ အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးဖို့ ဒုတိယအကြိမ် ကြိုးပမ်း ခဲ့ရာမှာလည်း ထပ်မံ တားဆီးကာကွယ်နေလို့ ဖမ်းဖို့ထောက်ခံသူနဲ့ ကန့်ကွက်သူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြနေခဲ့ကြပြန်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ယွန်းဆက်ယိုကို တောင်ကိုရီးယား အစိုးရ စုံစမ်းစစ်ဆေးရေးရုံးက ဖမ်း၀ရမ်းထုတ်ပြီး ပထမ တစ်ကြိမ် ဝင်ရောက်ဖမ်းဆီးဖို့ စီစဉ်ရာမှာ သမ္မတသက်တော်စောင့်တပ်က ခြဝန်းအ၀မှာ သံဆူးကြိုး၊ အကာအရန်တွေ ထားရှိကာ ဝင်ခွင့်ပေးဖို့ ငြင်းဆန်သလို ထောက်ခံသူတွေကလည်း လူတံတိုင်းလုပ်ပြီး ခြံဝန်းအဝင် လမ်းပေါ် ကာရံခဲ့တဲ့အတွက် လက်လျှော့လိုက်ရပါတယ်။
ဖမ်း၀ရမ်းဟာ ဇန်နဝါရီ ၁၃ ရက်ဆိုရင် သက်တမ်းကုန်လွန်တော့မှာဖြစ်လို့ အထူးရဲအရာရှိ ၁၀၀၀ ကျော်စုဝေးပြီး ဒုတိယအကြိမ် ဖမ်းဆီးဖို့ ကြိုးစားရာမှာလည်း ဇန်နဝါရီ ၁၀ ရက်ကပဲ သမ္မတ သက်တော်စောင့် လုံခြုံရေးမှူးကိုယ်တိုင် အိမ်တော်ကို ပြန်ရောက်နေပြီး ထပ်မံ ကာကွယ်နေခဲ့ပါတယ်။
ဆိုးလ်မြို့ အဓိက လမ်းမကြီးတွေပေါ်မှာ ယွန်းဆက်ယိုကို ထောက်ခံသူတွေရော၊ ဆန့်ကျင်သူတွေပါ ထောင်ပေါင်းများစွာ စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြပြီး လူစုလူဝေးအားလုံးပေါင်းရင် ၅ သိန်းလောက်အထိ ရှိနိုင်ကြောင်း ပြည်တွင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ယွန်းဆက်ယိုကို သမ္မတရာထူးကနေ ယာယီရပ်ဆိုင်းထားပြီး စစ်အုပ်ချုပ်ရေးကြေညာမှုဟာ နိုင်ငံတော် သစ္စာဖောက်မှု မြောက်မမြောက် တရားရုံး တင်စစ်ဆေးဖို့ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ နှစ်ပေါင်းဆယ်စု နှစ်အနည်းငယ်အတွင်း အဆိုးရွားဆုံး နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်ပေါ်နေစေခဲ့တာဖြစ်ပါတယ်။
Ref: aljazeera
MKF-001
#MeKongNews








