ဂါဇာမှာ အပစ်ရပ်ဖို့ လုံခြုံရေးကောင်စီအဆို အမေရိကန် ဗီတိုအာဏာသုံး ပယ်ချပြီးနောက် ICC က အစ္စရေးဝန်ကြီးချုပ်ကို ဖမ်း၀ရမ်းထုတ်
မဲခေါင်၊ နိုဝင်ဘာ ၂၂
နိုဝင်ဘာ ၂၀ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂါဇာထဲ အပစ်အခတ်ရပ်စဲဖို့ အဆိုကို အဖွဲ့ဝင်နိုင်ငံ အားလုံး ထောက်ခံခဲ့ပေမယ့် အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပြန်တာကြောင့် ပျက်ပြယ်သွားခဲ့ပြီး နောက်ရက်မှာပဲ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနဲ့ မကြာသေးမီကမှ ရာထူးက ထုတ်ခံရတဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ဂဲလန့်တို့ကို ဖမ်း၀ရမ်းထုတ်ကြောင်း အတည်ပြု ကြေညာလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ဂါဇာထဲ အပစ်ရပ်ဖို့ အမေရိကန်ဟာ ၄ ကြိမ်မြောက် ဗီတိုအာဏာသုံးပယ်ချခဲ့တာဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံထဲ ဟားမက်စ်တွေ ဝင်ရောက်လို့ လူထောင်ချီ သတ်ဖြတ်ခဲ့ခြင်းကသာ အဓိက ရှုံ့ချစရာဖြစ်ကြောင်း၊ ဂါဇာမှာ အပစ်ရပ်လိုက်ရင် ပါလက်စတိုင်းမှာ ဟားမက်စ်သာ ဆက်လက် အုပ်စိုးခြိမ်းခြောက်နေမှာဖြစ်ကြောင်း အမေရိကန်ဘက်က တင်ပြပြီး ဗီတိုအာဏာနဲ့ အဆိုကို ပယ်ချလိုက်တာဖြစ်ပါတယ်။
ဒီပယ်ချမှုအပြီး နောက်ရက်ဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ညနေပိုင်းမှာတော့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဂဲလန့်တို့ဟာ ဂါဇာ၊ West Bank နဲ့ ပါလက်စတိုင်းနယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခြင်း၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုအဖြစ် ဆေးကုသခွင့်မရအောင် ပိတ်ဆို့ထားခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အစားအစာ အငတ်ဘေးဆိုက်စေပြီး စစ်ရေးအသာရစေမယ့် စစ်ရေးဗျူဟာကို အသုံးချခြင်းတွေဟာ ထင်ရှားနေတာကြောင့် ဖမ်း၀ရမ်း ထုတ်ပြန်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
စုံစမ်းရရှိထားတဲ့ သက်သေတွေဟာ ၂၀၂၃ အောက်တိုဘာ ၈ ရက်ကနေ ၂၀၂၄ မေ ၂၀ ရက်နေ့အထိ ဖြစ်ပြီး လူပေါင်းထောင်ချီ သေဆုံးရမှု၊ အငတ်ဘေးဆိုက်၊ လျှပ်စစ်မီးမရ၊ လူသားဆန်စွာ သင့်တင့်တဲ့ ကုသခွင့်မရ ခြင်းတွေဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုသာဖြစ်တယ်လို့ ICC က ကြေညာသွားခဲ့တာဖြစ်ပါတယ်။
Ref: indiatoday
MKF-001
#MeKongNews








