မဲခေါင်၊ နိုဝင်ဘာ ၆
အီရန်ထောက်ပံ့ ဟားမက်စ်၊ ဟစ်ဇ်ဘိုလာ၊ ဟူသီအဖွဲ့တွေနဲ့ စစ်ရေးကျယ်ပြန့်လာပြီး လက်ဘနွန်ထဲအထိ ဝင်ရောက်တိုက်ခိုက်နေချိန် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုဟာ နိုင်ငံအတွက် အရေးပါးလှတဲ့ ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်ကို စစ်ရေးကျင့်ဝတ်ပိုင်းကြောင့်လို့ အကြောင်းပြ ထုတ်ပယ်လိုက်ပါတယ်။
ဂဲလန့်ဟာ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရနဲ့ အရှေ့အလယ်ပိုင်းအရေးမှာ အထူး ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး နိုင်ငံကာကွယ်မှုကို နှစ် ၂၀ ကျော် ဦးဆောင်ခဲ့သူဖြစ်ပေမယ့် ဟားမက်စ်နဲ့ တိုက်ပွဲမှာ နက်တန်ယာဟုကို အဓိက ဗဟိုပြုထောက်ခံတဲ့ အော်သိုဒေါ့ဘာသာရေး ပါတီခေါင်းဆောင်တွေနဲ့ အဆင်မပြေဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက် ဟားမက်စ်တွေ နိုင်ငံထဲ ဝင်ရောက်လို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ နိုင်ငံတော် လုံခြုံရေးချိုးဖောက်မှုအတွက် ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ တိုက်တွန်းရာမှာလည်း နက်တန်ယာဟုနဲ့ သဘောထား ကွဲလွဲခဲ့လို့ ရာထူးက တစ်ကြိမ် ထုတ်ပယ်ခဲ့သေးပြီး ပြည်သူများစွာ လမ်းပေါ်ထွက် ဆန္ဒပြကြလို့ ကာကွယ်ရေး ဝန်ကြီးအဖြစ် ဆက်လက်ခန့်ထားခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာလည်း ဂဲလန့်ဟာ စစ်တိုက်တာတစ်ခုတည်းနဲ့ အရာရာ အဆုံးမသတ်နိုင်လို့ ဟားမက်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လည်လွှတ်မြောက်ဖို့ ဆွေးနွေးဖို့ တင်ပြမှုမှာလည်း နက်တန်ယာဟုနဲ့ အော်သိုဒေါ့ဂိုဏ်း အကြီးအကဲတွေက ဒေါသထွက်ကြပြီး ဟားမက်စ်နဲ့ ဟစ်ဇ်လိုလာကို ဆွေးနွေးခြင်းနဲ့ အဖြေရှာလို့မရလို့ အပြတ် ရှင်းလင်းခြင်းနဲ့ အဖြေထုတ်မယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ရေးကျယ်ပြန့်လာချိန် အော်သိုဒေါ့ လူငယ် ဘာသာရေးလောကသားတွေကို ဂဲလန့်က စစ်မှုထမ်းဖို့ တောင်းဆိုမှုအပေါ်လည်း မကျေလည်တာကြောင့် နောက်ဆုံး နက်တန်ယာဟုက စစ်ရေးကျင့်ဝတ်ကြောင့် ရာထူးက ထုတ်ပယ်ကြောင်း နိုဝင်ဘာ ၆ ရက်မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။
အစ္စရေးအတွက် အရေးအပါဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဂဲလန့်ကို ထုတ်ပယ်မှုကြောင့် နက်တန်ယာဟုနေအိမ်ရှေ့ အစ္စရေးပြည်သူပေါင်းများစွာ ချီတက် ဆန္ဒပြကြသလို နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်အားလုံး ပူးပေါင်းထူထောင်ထားတဲ့ The Business Forum ကလည်း ဝေဖန်ချက် ထုတ်ပြန်ခဲ့ပါတယ်။
နက်တန်ယာဟုဟာ ဂဲလန့်နေရာမှာ နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်ကို အစားထိုးခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။
Ref: luxtimes
MKF-001








