မဲခေါင်၊ အောက်တိုဘာ ၁၅
ထိုင်ဝမ်သမ္မတ လိုင်ချင်တီဟာ ပြီးခဲ့တဲ့တစ်ပတ်က နိုင်ငံအမျိုးသားနေ့အထိမ်းအမှတ် မိန့်ခွန်းပြောဆိုရာမှာ ကိုယ့် အချုပ်အခြာ ကိုယ်ပိုင်တဲ့ နိုင်ငံလို့ သုံးနှုန်းခဲ့ပြီးနောက် တရုတ်ဟာ ထိုင်ဝမ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး အောက်တိုဘာ ၁၄ ရက်နေ့ကစလို့ ထိုင်ဝမ်ကျွန်းပတ်လည်မှာ စစ်ရေးလေ့ကျင့်ခြိမ်းခြောက်မှုတွေ လုပ်ဆောင် လာပြန်ပါတယ်။
လိုင်ချင်းတီဟာ ထိုင်ဝမ်ကို ကိုယ်စားပြုစရာ အကြောင်းမရှိတဲ့သူဖြစ်ပြီး ပေကျင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပါ ကမ်းလှမ်းလာစရာလည်း အကြောင်းမရှိကြောင်း၊ ထိုင်ဝမ်ဟာ တရုတ်ကုန်းမကြီးပိုင် ကျွန်းသာဖြစ်တယ်လို့ တုန့်ပြန်ဝေဖန်သွားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ တရုတ်အရှေ့ပိုင်းတိုင်း ကွပ်ကဲရေးဗဟိုက Joint Sword-2024B လို့ နာမည်ပေးထားတဲ့ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေကို ကျွန်းရဲ့ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ စတင် လှည့်ပတ် ကျင်းပနေခဲ့တာဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှု အဆုံးသတ်မယ့် ရက်ကိုတောင် မသတ်မှတ်ဘဲ ထိုင်ဝမ်လွတ်လပ်ရေးတပ်တွေနဲ့ ခွဲထွက်ရေး သမားတွေကို သတိပေးတဲ့အနေနဲ့ ကိုယ့်ပိုင်နယ်မြေကာကွယ်ဖို့၊ အမျိုးသားစည်းလုံးညီညွတ်မှု တည်ဆောက်ဖို့ တရားဝင်စွာ လုပ်သင့်လုပ်ထိုက်တဲ့ စစ်ရေးလေ့ကျင့်သတိပေးမှုဖြစ်ကြောင်း အရှေ့ပိုင်းတိုင်း စစ်ရေးကွပ်ကဲမှု ဗဟိုက အင်္ဂလိပ်၊ တရုတ် ၂ ဘာသာနဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။
Ref: bangkokpost
MKF-001












