မဲခေါင်၊ စက်တင်ဘာ ၁၇
တစ်နှစ်ပြည့်ဖို့ နီးကပ်လာပြီဖြစ်တဲ့ အစ္စရေး-ဟားမက်စ် စစ်ပွဲမှာ ဟားမက်စ်နဲ့ ဟစ်ဇ်ဘိုလာဘက်က အတူတကွ ရပ်တည်ကြောင်းပြသနေတဲ့ ယီမင်နိုင်ငံထဲက ဟူသီသူပုန်အဖွဲ့ဟာ စက်တင်ဘာ ၁၅ ရက် မနက် ၆ နာရီ ၃၅ မိနစ် မှာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တော်ကို တစ်နာရီ မိုင် ၇၀၀၀ သွားနိုင်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ တင်းမာမှုပိုမိုမြင့်တက်သွားခဲ့ရပြီဖြစ်ပါတယ်။
ဒီဒုံးကျည်ဟာ အီရန်က ထောက်ပံ့ပေးအပ်ထားတဲ့ ဒုံးကျည်အမျိုးအစားအသစ်ဖြစ်ပြီး ယီမင်နိုင်ငံထဲကနေ ၁၁ မိနစ်အတွင်း မိုင်ပေါင်း ၁၂၇၀ ပျံသန်းပြီး တဲလ်အဗစ်မြို့ လော့ဒ်အရပ်က မြေကွက်လပ်ပေါ် ကျရောက်ခဲ့လို့သာ ဒဏ်ရာရသေဆုံးမှု မရှိခဲ့တာဖြစ်ပါတယ်။
လေကြောင်းအချက်ပေး ဥဩသံတွေ တဲလ်အဗစ်မြို့မှာ ခေတ္တ ဆူညံသွားခဲ့ပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေဟာ အစ္စရေးတပ်ရဲ့ ဖျက်ဒုံးတွေကြောင့်သာ ဖြစ်ကြောင်းနဲ့ ဒုံးကျည် ကျရောက် ပေါက်ကွဲတဲ့နေရာမှာ မီးလောင်မှုနဲ့ ကျင်းကြီးတွေဖြစ်သွားတာကို အစ္စရေး ထောက်လှမ်းရေးအဖွဲ့က စိစစ်လေ့လာအပြီး ထုတ်ပြန်သွားပါတယ်။
ဒုံးကျည်ဟာ ခွဲထွက်ပစ်လွှတ်နိုင်တာကြောင့် တဲလ်အဗစ်မြို့အရှေ့ဘက် မွန်ဒီအင်အရပ်ကို လည်း ကျရောက်မှုရှိခဲ့ကြောင်း အစ္စရေးဘက်က ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုကတော့ သူတို့နိုင်ငံအပေါ် ထိခိုက်စေတဲ့ ဒီလို တိုက်ခိုက်မှုအတွက် ဟူသီအဖွဲ့အနေနဲ့ ကြီးလေးတဲ့ လက်တုံ့ပြန်ခြင်း ခံရဖို့ပဲရှိကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီဒုံးကျည်ကျရောက်မှုဟာ အစ္စရေးနိုင်ငံ မြို့တော်ပေါ် ဟူသီလက်ချက်ကြောင့် ပထမဆုံးကျရောက်တဲ့ ဒုံးကျည်ဖြစ်ပြီး ဟူသီဘက်က ဟားမက်စ်ဘက်က ရပ်တည်မှုအဖြစ် စစ်ပွဲတစ်နှစ်ပြည့် အထိမ်းအမှတ်မတိုင်ခင် နောက်ထပ် ဒုံးကျည်များစွာနဲ့ ပစ်ခတ်သွားဦးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref:Thesun
MKF-001










