မဲခေါင်၊ စက်တင်ဘာ ၉
အီရတ်ကာကွယ်ရေးဝန်ကြီး သာဘတ်အယ်လ်အဘက်ဆီက စက်တင်ဘာ ၈ ရက်နေ့မှာပဲ ပန်-အာရပ်ရုပ်သံ အယ်လ်ဟာဒက်မှာ အမေရိကန်တပ်တွေ နိုင်ငံထဲက ၂ နှစ်အတွင်း အပြီးထွက်ခွာသွားကြတော့မယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။
အီရတ်နဲ့ ဆီးရီးယားနိုင်ငံထဲက အစ္စလာမ္မစ်ပြည်ထောင်စု ထူထောင်ဖို့ ကြံစည် နေတဲ့ ISIL အကြမ်းဖက်အဖွဲ့ကို အပြီးနှိပ်ကွပ်နိုင်ဖို့ အမေရိကန်နဲ့ အီရတ်ဟာ မဟာမိတ်အဖြစ် ပူးပေါင်းပြီး အီရတ်နဲ့ ဆီးရီးယားမှာအမေရိကန်တပ်အင်အား ၂၅၀၀ နဲ့ ၉၀၀ ကို ဒီကနေ့အထိ အခြေစိုက်ထားပြီး ISIL ပစ်မှတ် တွေကို ပစ်ခတ်ဖြိုခွင်းမှု လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
၂၀၁၄ မှာ အီရတ်နဲ့ဆီးရီးယားက နယ်မြေတချို့ကို ISIL အဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပေမယ့် အမေရိကန်နဲ့ အီရတ်တို့ ပူးပေါင်းစစ်ဆင်မှုကြောင့် နောက် ၃ နှစ်အကြာမှာ အီရတ်အစိုးရက နယ်မြေတွေပြန်ရယူနိုင်ခဲ့ပြီး ဆီးရီးယားမှာ လည်း ၂၀၁၉ မှာ ပြန်လည် နယ်မြေသိမ်းပိုက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
ဒီကနေ့ ISIL တပ်တွေဟာ ဝေးလံသီခေါင် တဲ့ အရပ်တွေမှာသာ ပုန်းအောင်းနေထိုင်ရပြီး နယ်မြေသိမ်းနိုင်တဲ့ အဆင့်မျိုး မရှိတော့လို့ အမေရိကန်နဲ့ အီရတ် အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးမှုမှာ အမေရိကန်တပ်တွေ အီရတ်က ထွက်သွားဖို့ အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးမှုမှာ အမေရိကန်ဘက်က အီရတ်သတ်မှတ်တဲ့ ၂ နှစ်အတွင်း ထွက်ခွာသွားဖို့က အချိန်မလုံလောက်ကြောင်း ကာကွယ်ရေးဝန်ကြီးလွိုက်ဒ်အော်စတင်က ငြင်းဆန်ခဲ့ပေမယ့် အီရတ် ကာကွယ်ရေးဝန်ကြီး အဘက်စီ ကတော့ ၂၀၂၅ စက်တင်ဘာမှာ ပထမအဆင့် တစ်သုတ်၊ ၂၀၂၆ စက်တင်ဘာမှာ နောက်ဆုံးအဆင့် တစ်သုတ်အဖြစ် အမေရိကန်တပ်တွေ အီရတ်နိုင်ငံထဲက အပြီးထွက်ခွာသွားမှာဖြစ်ပြီး အမေရိကန်တောင်းဆိုတဲ့ ၃ နှစ်အချိန်ကို ထပ်မပေးနိုင်တော့ဘူးလို့ ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။
Ref: hurriyetdailynews
MKF-001








