မဲခေါင်၊ သြဂုတ် ၆
မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံအန်ဟာ တောင်ကိုရီးယားနပ်စပ်မှာ အသစ်ထုတ်လုပ်ထားတဲ့ တိုက်ချင်းပစ် ဒုံးလောင်ချာ အစင်း ၂၅၀ စေလွှတ် တပ်ဆင်ခဲ့ကြောင်းနဲ့ ကင်ဂျုံအန်ကိုယ်တိုင် စိတ်ကူးဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတဲ့ မဟာဗျူဟာမြောက် ခေတ်အမီဆုံးလက်နက်တွေဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကနေ ဩဂုတ် ၅ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။
ပြီးခဲ့တဲ့ လကတည်းက ဒီ ဒုံးကျည်သစ်တွေကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး အမေရိကန်ဟာ တောင်ကိုရီးယားနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ကိုရီးယားကျွန်းဆွယ်မှာ လာရောက်ပြုလုပ်နေတာ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် စွမ်းအင် ထုတ်လုပ်မှုကို ပိတ်ဆို့ တားဆီးနေတာ၊ ကျူးကျော်စစ်ပါ ဆင်နွှဲလာနိုင်တဲ့ ကြိုတင်လေ့ကျင့်မှု မျိုးတွေ လုပ်ဆောင်နေတာတွေကြောင့် နျူကလီးယားနဲ့ စစ်ရေးလက်နက်သစ်တွေကို ပိုမိုအားစိုက် ထုတ်လုပ်နေတာဖြစ်တယ်လို့ ကင်ဂျုံအန်က ပြောကြားခဲ့ပါတယ်။
တောင်၊ မြောက် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရှိသူက နယ်စပ်မှာ ဒီလို တိုက်ချင်းပစ် ဒုံးတွေ လာရောက်ထားရှိခြင်းဟာ တောင်ကိုရီးယားကို ခြိမ်းခြောက်ပြီး ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
စွမ်းအားပြည့်ရတနာဓားလို့ ဒီဒုံးကျည်သစ်တွေကို ကင်ဂျုံအန်က အမည်ပေးထားပြီး လက်နက်တွေ တပ်ဆင် ထားရှိတဲ့ အခမ်းအနားမှာ သမီးဖြစ်သူ ကင်ဂျူအေးပါ တက်ရောက်ခဲ့တာလည်း တွေ့ရပါတယ်။
ကိုရီးယားစင်ထရယ်သတင်းအေဂျင်စီက ကင်ဂျူအေးဟာ ပြီးခဲ့တဲ့ ၃ လအတွင်း လူမြင်ကွင်းအခမ်းအနားတွေမှာ ဆက်တိုက် ပါဝင်တက်ရောက်နေတာဟာ သူ့အရိုက်အရာကို ဆက်ခံစေဖို့ ကင်ဂျုံအန်က ရည်စူးပြီး ခေါင်းဆောင်မှု အခန်းကဏ္ဍတွေကို အဓိကထား သင်ကြားပေးနေတယ်လို့ ရေးသားဖော်ပြခဲ့ပါသေးတယ်။
Ref: japantimes
MKF-001











