မဲခေါင်၊ ဇူလိုင် ၂၄
AIDS ရောဂါ ကမ္ဘာမှာကင်းစင်သွားရေး အဓိကလုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ အေဂျင်စီ UNAIDS က ၂၀၂၃ ခုနှစ် အတွင်း ကမ္ဘာမှာ HIV ပိုးရှိသူ သန်း ၄၀ နီးပါးရှိနေခဲ့ပြီး လုံလောက်တဲ့ ကုသခံယူမှုမရလို့ မိနစ်အလိုက် လူသေဆုံး မှုရှိခဲ့တယ်လို့ ဇူလိုင် ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြသွားပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေဟာ ၂၀၃၀ မှာ AIDS ကင်းစင်ကမ္ဘာဖြစ်စေဖို့ ရည်မှန်းထားရာမှာ ကာကွယ်ဆေး ထုတ်လုပ် နိုင်ရေး တိုးတက်မှုတွေရှိပေမယ့် ကုသမှုပိုင်းနဲ့ တခြားသော ငွေကြေးအသုံးပြုမှုပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေ တာကြောင့် HIV ရောဂါပိုးရှိနေပြီး အဲဒီကမှ AIDS နဲ့ပတ်သက်တဲ့ ရောဂါတွေကြောင့် သေဆုံးသူနှုန်းဟာ လျာထား တဲ့ ရည်မှန်းချက်အတိုင်းအတာကို မရနိုင်ခဲ့ဖူးလို့ လေ့လာမှုစစ်တမ်းနဲ့တကွ ဖော်ပြသွားပါတယ်။
HIV ကူးစက်မှုအသစ်ဖြစ်ပွားနှုန်း မြင့်တက်လာတဲ့ ဒေသ ၃ ခုမှာ အရှေ့အလယ်ပိုင်းနဲ့မြောက်အာဖရိက၊ အရှေ့ဥရောပနဲ့ ဗဟိုအာရှ၊ လက်တင်အမေရိက တို့ပါဝင်ပြီး မနှစ်က HIV ပိုးရှိသူ သန်း ၄၀ နီးပါးအနက် ၉ သန်း ကျော်ဟာ လုံး၀ ကုသမှုမခံယူရဘဲ တစ်နှစ်အတွင်း AIDS နဲ့ပတ်သက်ရောဂါတွေကြောင့် ၆၃၀၀၀၀ ယောက် သေဆုံးခဲ့ရပါတယ်။
၂၀၀၄ ခုနှစ်က ၂ . ၁ သန်းသေဆုံးခဲ့ရတာနဲ့ယှဉ်ရင် အများကြီး သေဆုံးနှုန်းလျော့ကျသွား ပေမယ့် ၂၀၂၅ မှာ သေဆုံးသူ ၂၅၀၀၀၀ သာရှိရမယ်လို့ ရည်မှန်းထားတဲ့ စီမံကိန်းထက် လက်ရှိသေဆုံးနှုန်းဟာ ၂ ဆ ကျော်ရှိနေလို့ လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဒီအစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေဟာ ၂၀၂၅ မှာ HIV ကူးစက်မှုအသစ် ၃၇၀၀၀၀ သာရှိရမယ်လို့ မျှော်မှန်းထားပေမယ့် ၂၀၂၃ ခုနှစ် စစ်တမ်းမှာ ၃ ဆကျော်များနေပြီး ၁ . ၃ သန်းအထိ ကူးစက်ခဲ့ကြောင်း၊ စုစုပေါင်း HIV ပိုးရှိသူ ၃၉ . ၉ သန်းရှိခဲ့ပြီး ကူးစက်ရာမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေမှာ ပိုမိုကူးစက်ပြီး မူးယစ်ဆေးထိုးခြင်းနဲ့ လိင်တူဆက်ဆံခြင်းကနေ ကူးစက်မှုနှုန်းဟာလည်း ၂၀၁၀ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဖော်ပြသွားပါတယ်။
Ref:UNAIDS
MKF-001








