မဲခေါင်၊ ဇူလိုင် ၁၀
အီတလီအာဏာပိုင်တွေက ရောမမြို့အခြေပြုပြီး တနိုင်ငံလုံး နေရာဒေသအသီးသီးက အီတလီ မာဖီးယားဂိုဏ်းတွေကို ဝင်ရောက်စီးနင်းပြီး ဒေါ်လာ သန်း ၁၄၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင် ၉ ရက်နေ့မှာ သတင်းထုတ်ပြန်သွားပါတယ်။
အန်ဒရန်ဂီတာနဲ့ ကာမော်ရာ အီတလီ မာဖီးယားဂိုဏ်းတွေရဲ့ ဂိုဏ်းခွဲတွေကို ပစ်မှတ်ထားပြီး ဒီဂိုဏ်းတွေဟာ အဓိက စီးပွားရေးအဖြစ် မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ ငွေတိုးပေးစားမှုနဲ့ အကျပ်ကိုင် ခြိမ်းခြောက် ငွေညှစ် သတ်ဖြတ်မှုတွေကို လုပ်ကိုင်နေတာကြောင့် ရဲအရာရှိအင်အား ၅၀၀ အထိသုံးပြီး စီးနင်းခဲ့တာဖြစ်ပါတယ်။
သံသယတရားခံ ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားသလို အယောက် ၅၀ ကျော်ကိုလည်း စုံစမ်းမေးမြန်းသွားမှာ ဖြစ်ကြောင်း အီတလီအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။


အီတလီနိုင်ငံမှာ ကာလာဘရီယာ အခြေစိုက် အန်ဒရန်ဂီတာ၊ နေပယ်အခြေစိုက် ကာမော်ရာ၊ ဆစ္စလီအခြေစိုက် ကိုဆာနိုစထရာ မာဖီးယားဂိုဏ်းတွေဟာ ဆယ်စုနှစ်ပေါင်းအတော်ကြာ နိုင်ငံအတွင်း အင်အားအကြီးဆုံး ဂိုဏ်းတွေအဖြစ် ရပ်တည်နေပြီး ဒေသတွင်းမှာ သာမက တခြားအီတလီဒေသအသီးသီးအပြင် ပြည်ပအထိပါ စိုးမိုးနိုင်တဲ့ အဖွဲ့ကြီးတွေဖြစ်ပါတယ်။
အန်ဒရန်ဂီတာဂိုဏ်းရဲ့ အဓိကစီးပွားရေးက မူးယစ်ဆေးဝါးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မှောင်ခိုလုပ်ငန်းကနေ နှစ်စဉ် ဝင်ငွေ ယူရို ဘီလီယံ ၅၀ ကျော် ရရှိနေတဲ့ ဂိုဏ်းဖြစ်ပါတယ်။
Ref: bernama
MKF-001








