မဲခေါင်၊ ဇွန် ၂၂
ဇွန် ၂၀ ရက်နေ့က မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံခြား စစ်မဲ့ဇုန်ကိုကျော်ပြီး ပိုင်နက်ထဲ ကျော်ဝင်လာခဲ့လို့ တောင်ကိုရီးဘက်က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရပြန်ပါတယ်။
မြောက်ကိုရီးယား စစ်သားတွေ အခုတဖန် ကျူးကျော် ဝင်ရောက်လာမှုဟာ တစ်လအတွင်း ၃ ကြိမ်မြောက်ဖြစ်ပြီး ကနဦး အသံချဲ့ စက်ကနေ သတိပေးအပြီးမှ သေနတ်နဲ့ခြောက်လှန့်သတိပေးပစ်ခတ်လို့ မြောက်ကိုရီးယားဘက် ပြန်ဝင်သွားကြကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ်များရုံးက ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယား စစ်သား ၂၀ နဲ့ ၃၀ ကြားရှိတဲ့ အဖွဲ့တွေဟာ ဇွန် ၉ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ နှစ်ကြိမ် ဒီပုံစံအတိုင်း ကျော်ဝင်လာခဲ့လို့ သတိပေး ပစ်ခတ်ခဲ့ရသေးပြီး ရုရှားသမ္မတ ပူတင် မြောက်ကိုရီးယားကို လည်ပတ်ပြီးအပြန် နောက်နေ့မှာပဲ တတိယအကြိမ် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လက တစ်ဘက်နဲ့တစ်ဘက် နယ်စပ်ကနေ အမှိုက်၊ အညစ်အကြေးတွေပါတဲ့ မိုးပျံပူဖောင်းတွေ၊ ဝါဒဖြန့်စာတွေ အပြန်အလှန်လွှတ်တင်ရင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာ လာတာကြောင့် တောင်ကိုရီးယားဘက် ပြန်လည်ပေါင်းစည်းနိုင်ရေး နှစ်နိုင်ငံသဘောတူစာချုပ်ကို ရပ်ဆိုင်းလိုက်ပြီး ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ နှစ်နိုင်ငံ စစ်ရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့အပြီး ပိုမို တင်းမာမှုမြင့်တက်လာပါတယ်။
ဒီရက်ပိုင်းထဲ ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံတွေအရ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနယ်စပ်မှာ အုတ်တံတိုင်း ၃ ထပ် ကာရံနေတဲ့ အထောက်အထားတွေ တွေ့ရှိရပြီး ဒါဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။
Ref: independent
MKF-001









