မဲခေါင်၊ ဇွန် ၁၀
ရုရှားသမ္မတ ပူတင်ဟာ စိန့်ပီတာစဘာ့ဂ်နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ နိုင်ငံတကာဂျာနယ်လစ်တွေနဲ့ရှားရှား ပါးပါးတွေ့ဆုံစဉ် ယူကရိန်းစစ်ပွဲကာလအတွင်းပထမဆုံးအကြိမ်အဖြစ် ရုရှားစစ်သား တစ်လ ၅၀၀၀ နှုန်း ကျဆုံးခဲ့ကြောင်း ဝန်ခံပြောကြားသွားပါတယ်။
၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလက စတင်တဲ့ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားတပ်သားတွေ သေဆုံးခြင်းနဲ့ ဒဏ်ရာရပြီး ပြန်စစ်မတိုက်နိုင်တော့တဲ့ ဦးရေဟာ ၅၁၁၁၃၀ ယောက်ရှိတယ်လို့ အမေရိကန်၊ ဗြိတိန်နဲ့ အနောက်အင်အားစုက ခန့်မှန်းတွက်ချက်ထားပြီး ပူတင်ဝန်ခံတဲ့အတိုင်းဆို မနီးယိုးစွဲ အနေအထား ရှိကြောင်း၊ တစ်လ အယောက် ၅၀၀၀ နှုန်းနဲ့တွက်ချက်ရင် သေဆုံးစစ်သားပေါင်း ၁၃၅၀၀၀ ယောက်ရှိခဲ့တယ်ဆိုတာကို ပြဆိုကြောင်း၊ ဒီပမာဏဟာ အာဖဂန်နစ္စတန်စစ်ပွဲကာလအတွင်း သေဆုံးခဲ့ရတဲ့ ရုရှားစစ်သားဦးရေထက် ၅ ဆ ပိုများတယ်လို့ တွက်ချက်ရရှိပါ တယ်။


ဂျာနယ်လစ်တွေက စစ်ပွဲကာလအတွင်း သေဆုံးနှုန်းကို မေးမြန်းရာမှာ ပူတင်က တိုက်ရိုက်မဖြေသွားပေမယ့် ယူကရိန်းဘက်က တစ်လ အယောက် ၅၀၀၀၀ သေဆုံး သို့မဟုတ် ဒဏ်ရာရပြီး စစ်မှုပြန်မထမ်းနိုင်တော့ဘူးလို့ ပြောခဲ့ကာ ရုရှားရဲ့ ဆုံးရှုံးမှုက ယူကရိန်းထက် ၅ ဆ ပိုနည်းတယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။
ယူကရိန်းဘက် က သေဆုံး ၅၀ ရာခိုင်နှုန်း ဒဏ်ရာရ ၅၀ ရာခိုင်နှုန်းရှိတယ်လို့ ပူတင်က ပြောဆိုသွားခဲ့လို့ ရုရှားစစ်သည်တွေ ကျဆုံးနှုန်းသီးသန့်ကို တွက်ချက်ရာမှာ စစ်ပွဲကာလအတွင်း သေဆုံးစစ်သား ၁၂၅၀၀၀ အနည်းဆုံးရှိနိုင်ကြောင်း၊ ဒဏ်ရာရ နဲ့ သေဆုံးပေါင်းရင် သေဆုံးနှုန်းရဲ့ ၅ ဆ အထိ ရှိနိုင်လို့ သေဆုံးဒဏ်ရာရ စာရင်းမှာ အမေရိကန်နဲ့ ဗြိတိန်တွက်သလို ၅၀၀၀၀၀ ကျော်ရှိမှာ သေချာတယ်လို့ နိုင်ငံတကာမီဒီယာတွေက တွက်ဆ ကြပါတယ်။
ပူတင်ဟာ မေလ ၁၀ ရက်ကစလို့ ခါကိဗ်ဒေသမှာ ယူကရိန်းစစ်အခြေစိုက်စခန်းပေါင်း ၁၃ ခု၊ မိုင်အားဖြင့် ၁၁၆ စတုရန်းမိုင် ထိန်းချုပ်အောင်မြင်ခဲ့ရာမှာ စစ်အင်အားကို ၃ ဆအထိ တိုးမြှင့်တိုက်ခိုက်တာကြောင့် ဒီကာလ အတွင်း သေဆုံးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပြီး အမေရိကန်နဲ့မဟာမိတ်တွေက ရုရှားပြည်တွင်းကိုပါ ထောက်ပံ့လက်နက် တွေနဲ့ပစ်ခွင့်ပေးခဲ့လို့ ဒီရက်ပိုင်းမှာပဲ တစ်ရက်အတွင်း ၁၀၀၀ ကျော် သေဆုံးမှု ၂ ကြိမ်မက ကြုံခဲ့ရတယ်လို့ သိရှိရ ပါတယ်။
Ref:Thesun
MKF-001








