မဲခေါင်၊ မေ ၂၃
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်က ယူကရိန်းရဲ့ လေကြောင်း၊ ရေကြောင်းရန် ကာကွယ်နိုင်ရေးအတွက် ပေါင်သန်း ၁၅၀ တန်တဲ့ စစ်ရေးအကူအညီတွေကို ပို့ဆောင်နေပြီဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။
ယူကရိန်းစစ်တပ်အတွက် နိုင်ငံတကာရန်ပုံငွေအဖွဲ့ဖွဲ့စည်းထားရာမှာ အလှှူငွေ ပေါင်သန်း ၉၀၀ ကျော်ကို ရရှိ နိုင်ခဲ့တာဖြစ်ပြီး ဒီအထဲမှာ ဗြိတိန်က ရန်ပုံငွေအများဆုံးအဖြစ် ပေါင်သန်း ၅၀၀ ထည့်ဝင်ခဲ့ရာက ပေါင်သန်း ၁၅၀ ဖိုးရှိ ကာကွယ်ရေးလက်နက်တွေကို ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
ဒီအဖွဲ့ထဲမှာ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်နဲ့ ဂျာမနီတို့လည်း ပါဝင်ပြီး အခု ပေးပို့လိုက်တဲ့ ကာကွယ်ရေးလက်နက်တွေဟာ ပေါင်သန်း ၇၀ တန် ကြေးရှိ လေကြောင်းရန်ကာကွယ်ရေးရေဒါ၊ ကာကွယ်ရေးကွန်ရက်၊ လျှပ်စစ်စစ်ရေး စနစ်တွေဖြစ်ကြောင်း၊ ပေါင်သန်း ၈၀ ဖိုးက ဘုတ်အသေးစားတွေ၊ ထောက်လှမ်းရေးဒရုန်းတွေ၊ လူမပါတဲ့ ရေပေါ်ပြေး ပင်လယ် ဒရုန်း တွေဖြစ်တယ်လို့ ဂရန့်ရှပ်က ထုတ်ဖော်ပြောဆိုသွားပါတယ်။
“ပေးပို့နေတဲ့ စစ်ရေးအထောက်အပံ့တွေက ယူကရိန်းပြည်သူတွေကို အကာအကွယ်ပေးမယ့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ ရေတပ်ကို အားဖြည့်ထောက်ပံ့ပေးမယ့် ပစ္စည်းတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တရုတ်က ရုရှားဆီကို လက်နက်တွေအများအပြားပေးပို့နေပြီး ဒီလက်နက်တွေဟာ ယူကရိန်းစစ်မျက်နှာပြင်မှာ သုံးနေပြီဖြစ်တယ်” လို့ ဂရန့်ရှပ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
Ref:Thesun
MKF-001








