မဲခေါင် ဇွန် ၁၇
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်တွေအတွက် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းလိုက်တဲ့ ဆန်အိတ် ၃၃၀၀ ဟာ မြေပြင်ကို မရောက်ရှိသေးဘူးလို့ မဲခေါင် သတင်းဌာနက စုံစမ်းသိရပါတယ်။
အဲဒီ ဆန်အိတ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌဟောင်း ခွန်ဥက္ကာကတဆင့် သက်ဆိုင်ရာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံတွေဆီ ခွဲဝေပေးခဲ့တာဖြစ်ပြီး ဆန်အိတ်တချို့ကို တောင်ကြီးမြို့ ဆန်ဆိုင်တွေမှာ ရောင်းချနေတယ်လို့လည်း မျက်မြင်တွေ့ရှိခဲ့သူတွေဆီက သိရပါတယ်။
နေရပ်ပြန် စစ်ဘေးရှောင် တစ်ဦးက “ကျနော်တို့ အသိတွေထဲမှာရော လိုင်းပေါ်မှာရော တက်မေးကြည့်တာ ဘယ်သူမှ မရဘူးတဲ့။ ကိုယ့်မြို့ကိုယ်ရွာ ပြန်ရောက်တာ လုပ်ကိုင်စားဖို့က မရှိတဲ့ကြားထဲ အလှူရှင်ပေါ်လာလို့ ဝမ်းသာနေတာ။ မရဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လ မေလ ၂၃ ရက်နေ့ကတည်းက ဆန်အိတ်တွေကို နီပွန်ဖေါင်ဒေးရှင်းက လာရောက်လှူဒါန်းထားတာဖြစ်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA) ဥက္ကဌဟောင်း ခွန်ဥက္ကာက လက်ခံပေးခဲ့တယ်ဆိုတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
ခွန်ဥက္ကာဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်/ တပ်မတော်(PNLO/ PNLA)ရဲ့ ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့ပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ PNLA ရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလောမှာ ခွန်ဥက္ကာကို တပ်ဖွဲ့အနေနဲ့ ဘာရာထူး/တာဝန်ယူမထားတာကြောင့် အဖွဲ့နဲ့သက်ဆိုင်မှုမရှိဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့ ဆီဆိုင်တိုက်ပွဲ စတင်ကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြတဲ့ ပြည်သူ တစ်သိန်းနီးပါးဟာ မေလနောက်ဆုံးပတ်မှာ တစ်သုတ်ပြီးတစ်သုတ် နေရပ်ပြန်လာကြတာကြောင့် လက်ရှိ ဆီဆိုင်မြို့နယ်တွင်းမှာ လူဦးရေ ၅ သောင်းကျော်ခန့် ရောက်ရှိနေပြီး လုပ်ကိုင်စားသောက်ဖို့တော့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။
MK014








