Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ရောဂါဆန်းဖြစ်ပွားနေသည့်တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကိုသွားရောက်ခဲ့ပြီးနောက် အဆုတ်ယောင်နေသည့် တရုတ်မိန်းကလေးကို စင်ကာပူနိုင်ငံတွင် သီးသန့်ထိန်းသိမ်းကုသပေးနေသည်။

ပင်လယ်စာလက်ကားဈေးတွင် အဆုတ်ယောင်ရောဂါဖြစ်ပွားမှုများပြားနေသည့် ဝူဟန်မြို့သို့သွားရောက်ခဲ့ပြီး အဆုတ်ယောင်နေသည့် အသက် ၃ နှစ်အရွယ်တရုတ်မိန်းကလေးကို သိရှိထားသည်ဟု ဇန်နဝါရီ ၄ ရက်တွင် စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ဟွာနန်ပင်လယ်စာလက်ကားဈေးကို ကောင်မလေးမသွားခဲ့ပါဘူး”ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင်ပါဝင်သည်။

“နောက်ထပ်အကဲဖြတ်နိုင်ဖို့နဲ့ကုသဖို့ ဆေးရုံတင်ထားပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ သီးသန့်ထားပေးထားပါတယ်”လို့လည်း ဖြည့်စွက်သည်။

မိန်းကလေးလက်ရှိတွင် တည်ငြိမ်သည့်အခြေအနေရှိနေပြီး အစောပိုင်းစစ်ဆေးမှုအရ ကလေးငယ်များအဆုတ်ယောင်စေသည့်ဗိုင်းရပ် Respiratory Syncytial Virusရှိနေသည်။

ဖြစ်ပွားရသည့်အကြောင်းရင်းက ဗိုင်းရပ်စ်ပိုးကြောင့်ဟုအတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးမှုများလုပ်နေသည်ဟုလည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

သောကြာနေ့အထိ ဆိုးရွားသည့်ဖြစ်စဉ် ၁၁ ခုအပါအဝင် ထူးခြားစွာပြန့်နှံ့နေသည့်အဆုတ်ယောင်ရောဂါဖြစ်ပွားမှု ၄၄ မှုရှိနေသည်ဟု တရုတ်နိုင်ငံကအတည်ပြုထားသည်။

ရောဂါကူးစက်မှုအကြောင်းရင်းကိုအမျိုးအစားခွဲရန် ဝူဟန်အာဏာပိုင်များလုပ်ငန်းဆောင်ရွက်နေကြသော်လည်း တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ အဒီနိုဗိုင်းရပ်စ်ကူးစက်ခံရမှုနှင့် သာမန်အသက်ရှူလမ်းကြောင်းရောဂါများကြောင့်ဖြစ်ပွားရခြင်းမဟုတ်ဟု သောကြာနေ့တွင် အတည်ပြုခဲ့သည်။