Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

မဲခေါင်၊ နိုဝင်ဘာ ၂၃

ကြွေးမြီ ဒေါ်လာ ဘီလီယံ ၅၀ တင်ရှိပြီး နိုင်ငံတွင်းစီးပွားရေးပြိုလဲသလို စားနပ်ရိက္ခာရှားပါးမှုနဲ့ ဒေဝါလီခံလိုက်ရတဲ့ သီရိလင်္ကာနိုင်ငံအတွက် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆေးနဲ့ ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်း ဒေါ်လာ ၁ ဒဿမ ၄၈ သန်း ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်နေ့က ရန်ကုန်၊ ဆေးဘက်ဆိုင်ရာသုတေသနဌာနမှာ ကျင်းပပြုလုပ်သွားပါတယ်။

အာဏာသိမ်းစစ်တပ်ကြောင့် မြန်မာနိုင်ငံမှာ နေအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ပေါင်း ၁ ဒဿမ ၇ သန်းထိပ်တိုးလာပြီး လက်ရှိနိုင်ငံလူဦးရေရဲ့ ၆ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၃ သန်းကျော် နေအိမ်စွန့်ခွာထွက်ပြေးနေရချိန်မှာ မင်းအောင်လှိုင်က သီရိလင်္ကာကို လှူဒါန်းခဲ့တာပါ။

ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်း ဒေါ်လာ ၁ ဒဿမ ၄၈ သန်းကို စကစရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကနေ ပေးအပ်လှူဒါန်းလိုက်တာ ဖြစ်ကြောင်း colombopage.com က ဖော်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်အဖြစ် ဇူလိုင် ၇ ရက်နေ့က ခန့်အပ်ခံရတဲ့ Janaka Bandara က လူဦးရေ ၂၂ သန်းရှိတဲ့ သူတို့နိုင်ငံမှာ အရေးပေါ် လိုအပ်ချက်တွေရှိနေလို့ မြန်မာနိုင်ငံအနေနဲ့ အကူအညီပေးဖို့တောင်းဆိုခဲ့တာကို မင်းအောင်လှိုင်က ကတိပေးခဲ့ပြီးနောက် အခုလိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်တွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ နိုင်ငံတကာနဲ့ NGO အဖွဲ့အစည်းတွေက ထောက်ပံ့ဖို့ အစီအစဉ်တွေတွေကို တားဆီးပိတ်ပင်ထားသလို တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ မိုင်းထိသူတွေကိုလည်း ကုသမှုမလုပ်ပေးဖို့ တားမြစ်တာတွေရှိနေပါတယ်။

MKF - 001
Ref: colombopage.com
#MeKongNews