Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

မဲခေါင်၊ နိုဝင်ဘာ ၂၃

ဖိလစ်ပိုင်လွှတ်တော်အမတ် ရီဆာဟွန်တီဗားရို့စ်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ သူတို့နိုင်ငံသား ၁၂ ယောက် မြ၀တီ ရွှေကုက္ကိုလ်အလုပ်သမားငရဲခန်းကနေ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ရွှေကုက္ကိုလ် ဒါမှမဟုတ် ယာတိုင်းမြို့သစ်စီမံကိန်းဟာ တရုတ်မာဖီးယားတွေ မြန်မာနိုင်ငံနယ်စပ်မှာ အခြေချပြီး ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်အွန်လိုင်းလောင်းကစားစျေးကွက်၊ ခရစ်ပ်တိုကာရန်စီငွေကြေးကို အခြေခံပြီး ငွေကြေးခဝါချမှုတွေကို မြန်မာငွေကြေးစနစ်နဲ့လုံး၀ခြားနားတဲ့နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ ရည်ရွယ်ထူထောင်ထားပြီး လစာငွေမက်မောလောက်အောင်ပေးမယ်ဆိုတဲ့ အလုပ်လိမ်ခေါ်စာတွေနဲ့ ဒေသတွင်းနိုင်ငံတွေက လူထောင်ပေါင်းများစွာကို ခေါ်ယူ၊ အဓမ္မနှိပ်စက်လိမ်လည်စေခိုင်းမှုတွေကို လုပ်နေရာမှာ ခုလွတ်လာတဲ့ ၁၂ ယောက်ဟာ ထောင်ပေါင်းများစွာသော ဒုက္ခရောက်သူတွေထဲက သေးငယ်တဲ့အစိတ်အပိုင်း တစ်ခုသာဖြစ်တယ်လို့ ဖိလစ်ပိုင်အမတ် ရီဆာဟွန်တီဗားရို့စ်က ရှင်းလင်းပြောကြားသွားပါတယ်။

316971962 526392406025597 7791604174096001529 n

Frontier Myanmar ရဲ့ ဖော်ပြခဲ့မှုမှာ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဟောင်ကောင်နဲ့ထိုင်းမှာ မှတ်ပုံတင်ထားတဲ့ Yatai International Holdings Group တို့ အကျိုးတူပူးပေါင်းပြီး ရွှေကုက္ကိုလ်အထူးစီးပွားရေး ဇုန်ကို ထူထောင်နေခဲ့တာဖြစ်တယ်လို့ဆိုတယ်။

NLD အစိုးရလက်ထက်က ဒီမြို့သစ်စီမံကိန်းအတွက် ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံပြီးချိန် သတ်မှတ်နယ်မြေကျော်လွန်တည်ဆောက်နေမှုကြောင့် စီမံကိန်းရပ်ဆိုင်းထားခိုင်းခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်း စစ်အာဏာသိမ်းပြီးနောက် BGF နဲ့ Yatai International Holdings Group တို့ဟာ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ရေးတိုးချဲ့မှုတွေကို ပြောင်ပြောင်တင်းတင်း ဆက်လုပ်နေပြီး နှစ် ၇၀ အငှား စာချုပ်နဲ့ လုပ်ပိုင်ခွင့်ပေးလိုက်တယ်လို့ ဆိုတယ်။

ဒီစီမံကိန်းကြီးတစ်ခုလုံးအတွက် ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီမှာ အာဆီယံနဲ့တရုတ်နိုင်ငံက အလုပ်သမားတွေကို လိမ်လည်ခေါ်ယူ၊ နှိပ်စက်ခိုင်းစေပြီး ငွေလိမ်ခိုင်းမှု၊ လူကုန်ကူးမှုစတာတွေကို တရုတ်မာဖီးယားတွေက လုပ်ဆောင်နေတာဖြစ်တယ် လို့ ဖော်ပြခဲ့ပါတယ်။

316641902 941757620562196 1991845128414489030 n

Yatai ဟာ ခရစ်ပတိုကာရန်စီငွေကြေးပလက်ဖောင်းသုံးပြီး အွန်လိုင်းလိမ်ညာမှု၊ ငွေကြေးခဝါချမှုတွေကို လိမ်လည်လုပ်ဆောင်ဖို့ စင်ကာပူအခြေစိုက် ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းဖြစ်တဲ့ BCB Blockchain နဲ့ပါ ခုနောက်ပိုင်း ပူးပေါင်းဆောင်ရွက်လာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ Pharmally Pharmaceutical Corporation နဲ့ ချိတ်ဆက်မှုတွေရှိနေတယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေပါတယ်။

မနီလာအခြေစိုက် ဒီဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ အကြီးအကဲ Linconn Ong ဟာ ဖိလစ်ပိုင် အစိုးရနဲ့ စာချုပ်တွေမှာ မရှင်းမလင်းလုပ်ဆောင်မှုတွေရှိသလို Yatai နဲ့ ပူးပေါင်းထားတယ်လို့ လွှတ်တော်အမတ် ရီဆာဟွန်တီဗားရို့စ်က စွပ်ဆွဲပါတယ်။

ဒါပေမဲ့ Linconn Ong ရဲ့ ရှေ့နေက ငြင်းဆိုထားပြီး Yatai International Holdings နဲ့ Yatai International Corporation တို့ဟာ မတူတဲ့ အဖွဲ့အစည်းတွေသာဖြစ်ကြောင်း၊ Yatai ဆိုတာ တရုတ်စကားအရ အာရှပစ္စိဖိတ်ကို ခေါ်ဆိုတာဖြစ်ပြီး ဒီနာမည်ကို ရှေ့မှာတပ်လို့ ပိုင်ရှင်မတူ၊ လုပ်ငန်းမတူတဲ့ စီပွားရေးလုပ်ငန်တွေ ထူထောင်ကြ၊ ပတ်သက်ကြတာသာဖြစ်တယ်လို့ ဖြေရှင်းပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ Linconn Ong ဟာ မီးအိမ်နဲ့ လျှပ်စစ်ပန်ကာတွေထုတ်တဲ့ Yatai International Corporation မှာ အရင်က အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

Yatai International Holdings ဥက္ကဌ She Zhijiang အများအခေါ် She Lunkai ဟာ တရုတ်အစိုးရကိုယ်တိုင်က ရာဇဝတ်မှုများစွာနဲ့ ပတ်သက်နေလို့ ဖမ်း၀ရမ်းထုတ်ထားရသူဖြစ်ပြီး ၂၀၂၂ ဩဂုတ်လက ထိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ဒါပေမဲ့ ထိုင်းဘက်ကလည်း တရုတ်အစိုးရထံ လွှဲပေးဖို့လုပ်ဆောင်မှုတွေဟာ နားလည်ရခက်စွာနဲ့ပဲ ခုထိ အထမမြောက်သေးပါဘူး။

တရုတ်အစိုးရက She Lunkai ကို ၂၀၁၄ ခုနှစ်က ဖိလစ်ပိုင်မှာ အခြေစိုက်ပြီး တရုတ်တွေကို အဓိကပစ်မှတ်ထားလို့ တရားမဝင် ထီလုပ်ငန်းလုပ်ကိုင်ခဲ့မှုနဲ့ ၀ရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

MKF - 001
#MeKongNews
Ref: rappler.com