Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ နိုဝင်ဘာ ၂၂

ထိုင်းနိုင်ငံထဲမှာ တရားဝင်တဝက်၊ မဝင်တဝက် စီးပွားရေးလုပ်ငန်းတွေကနေတဆင့် ငွေကြေးခဝါချနေတဲ့ တရုတ်လူဆိုးဂိုဏ်းအကြီးစားတွေကို စုံစမ်းစစ်ဆေးဖို့ ထိုင်းတရားရေးဝန်ကြီးဌာနကို နိုင်ငံရေးသမားဟောင်းနဲ့ အနှိပ်ခန်းသူဌေးကြီး ချူဝစ် ကာမိုဗီဆစ် က တိုက်တွန်းပါတယ်။

အဲဒီဂိုဏ်းတွေရဲ့ ငွေအပေးအယူတွေပါဝင်တဲ့ သက်သေနဲ့စာရွက်စာတမ်းတွေကို ချူဝစ်က တနင်္လာနေ့မှာ ဝန်ကြီးဌာနထံ အပ်နှံခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဘန်ကောက်မြို့မှာရှိတဲ့ ဘားတစ်ဆိုင်ကို ရဲတွေဝင်မစီးနင်းခင်နာရီပိုင်းမှာ အဲဒီဘားနဲ့ဆက်စပ်နေပြီး ဂိုဏ်းတွေရဲ့အကြီးဆုံးခေါင်းဆောင်လို့ယူဆရတဲ့ တူဟောင်ဆိုသူက ထိုင်းအစိုးရအရာရှိတွေအကူအညီယူပြီး ဂျက်လေယာဉ်နဲ့ ထိုင်းကနေထွက်ပြေးသွားတယ်လို့ ကြာသပတေးနေ့မှာ သူကပြောခဲ့ပြီးနောက် အခုလိုအထောက်အထားတွေ ပေးပို့ခဲ့တာပါ။

အဲဒီဂျက်လေယာဉ်ဟာ ထိုင်းလေတပ်ကြီးကြပ်မှုအောက်မှာရှိတဲ့ အရပ်ဘက်ပျံသန်းမှုလေ့ကျင့်ရေးဌာနမှာ သိမ်းထားတဲ့လေယာဉ်လို့လည်း ချူဝစ်ကပြောပါတယ်။

ဒါပေမဲ့ အဲဒီလေယာဉ်ဟာ ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ ဘိုဖိုင်လေယာဉ်ကွင်းကိုပျံသန်းသွားတယ်လို့ လေကြောင်းပျံသန်းမှုမှတ်တမ်းတွေအရ သိရတယ်ဆိုပြီး ထိုင်းလေတပ်ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ပရာပတ် ဆွမ်ချိုင်ဒီး ကပြောပါတယ်။

ချူဝတ်ရဲ့တိုင်ကြားချက်ဟာ တနင်္လာနေ့မှာ တရားရေးဝန်ကြီးဌာနနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) တို့ထံ ရောက်ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီး လူဆိုးခေါင်းဆောင်ရဲ့ပိုင်ဆိုင်မှု‌တွေ သိမ်းဆည်းဖို့ ချူဝစ်က တိုက်တွန်းတယ်ဆိုပြီး တရားရေးဝန်ကြီးရဲ့အတွင်းရေးမှူး သာနာကရစ် ချစ်အရီရက်က ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ လူအများအာရုံစိုက်နိုင်တဲ့ဖြစ်ရပ်ဖြစ်လို့ ချူဝစ်ကို မျက်မြင်သက်သေကာကွယ်မှုပြုလုပ်ပေးမယ်ဆိုပြီး ကမ်းလှမ်းထားတယ်လို့လည်း သာနာကရစ်ကပြောပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ၂ ပတ်အတွင်း ထူးခြားဖြစ်စဉ်ရှိလာဖို့ DSI ကိုတာဝန်ချထားပြီး လူဆိုးဂိုဏ်းနဲ့ဆက်စပ်တဲ့ ဘဏ္ဍာရေးလှုပ်ရှားမှုတွေတွေ့ရှိရင် ပိုင်ဆိုင်မှုတွေ သိမ်းဆည်းမှာပါ။

Source - Bangkok Post
#ဥက္ကာ #MeKongNews
Photo - Bangkok Post