Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ နိုဝင်ဘာ ၂၂

မဲခေါင်ဒေသခွဲမှာ သန့်ရှင်းတဲ့စွမ်းအင်ရစေဖို့ အမေရိကန်ရဲ့အထောက်အပံ့သစ်အနေနဲ့ ဒေါ်လာသန်း ၂၀ ( ဘတ် ၇၁၆ သန်း) ပေးအပ်သွားမယ်လို့ အမေရိကန်ဒုတိယသမ္မတ ကာမလာ ဟားရစ်စ်က ကြေညာခဲ့ပါတယ်။

ထိုင်း‌မြောက်ပိုင်းမှာ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးတို့အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေ၊ မဲခေါင်ဒေသခွဲ သန့်ရှင်းစွမ်းအင်အကူးအပြောင်းမှာ အမေရိကန်ရဲ့အခန်းကဏ္ဍ မြင့်တင်ရေးဆောင်ရွက်နေကြတဲ့ စီးပွားရေးခေါင်းဆောင်တွေနဲ့ တနင်္ဂနွေမှာ စကားဝိုင်းဆွေးနွေးမှုပြုလုပ်ပြီးနောက် ဟားရစ်စ်က အခုလိုကြေညာခဲ့တာပါ။

"ပိုပြီးအပြိုင်အဆိုင်များတဲ့၊ ချိတ်ဆက်မှုရှိတဲ့စွမ်းအင်ဈေးကွက်နဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရာမှာ အမေရိကန်-ဂျပန်-မဲခေါင်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု(JUMPP) ကို အမေရိကန်အစိုးရက ဒေါ်လာသန်း ၂၀ ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။"

"ဂျပန်နိုင်ငံနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုက မဲခေါင်ဒေသခွဲမှာ သန့်ရှင်းတဲ့စွမ်းအင်အပြောင်းအလဲလုပ်မှုအရှိန်မြှင့်တင်ဖို့နဲ့ စွမ်းအင်လုံခြုံရေးအားကောင်းလာစေဖို့ ရည်ရွယ်ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

မဲခေါင်ဒေသခွဲသဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရာမှာ ကူညီဖို့နဲ့ သဘာဝအရင်းမြစ်‌တွေရေရှည်တည်မြဲအောင် အသုံးပြုခြင်းကို ထောက်ပံ့ဖို့ အရင်က ဟားရစ်စ်ပြုထားတဲ့ကတိကဝတ်တွေနဲ့အညီ ထောက်ပံ့တာလို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာပါတယ်။

JUMPP ရန်ပုံငွေကို နောက်ထပ်ဒေါ်လာသန်း ၂၀ ထောက်ပံ့ဖို့ ကွန်ဂရက်လွှတ်တော်ခွင့်ပြုချက် တောင်းခံသွားမယ်လို့လည်း ဟားရစ်စ်က ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၂၉.၅ သန်းနဲ့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်မှာ JUMPP ကို ကြေညာခဲ့ပြီးနောက် ပိုပြီးအပြိုင်အဆိုင်များတဲ့၊ ချိတ်ဆက်မှုရှိတဲ့ စွမ်းအင်ဈေးကွက်နဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရာဖို့ မဲခေါင်နိုင်ငံတွေနဲ့ပူးပေါင်းပြီး အမေရိကန်နဲ့ဂျပန်တို့က လုပ်ငန်းချဲ့ထွင်နေကြပါတယ်။

Source - Bangkok Post
#ဥက္ကာ #MeKongNews
Photo - Reuters