Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဂျီနီဗာ၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံသားတွေကိုဖိနှိပ်နေပြီး အကြမ်းဖက်နေတဲ့ မြန်မာစစ်တပ်အတွက် ဝင်ငွေရလမ်းတွေကိုဖြစ်မလာအောင်တားဆီးဖို့နဲ့ လက်နက်တွေမရောက်ဖို့ ကမ္ဘာ့နိုင်ငံတွေပိုလုပ်သင့်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သောကြာနေ့မှာပြောပါတယ်။

စစ်တပ်ကို ထပ်ပြီးအဆက်အဆံမလုပ်ကြဖို့ သောကြာနေ့က အစီရင်ခံစာမှာ တိုက်တွန်းခဲ့တာပါ။

စစ်တပ်ဟာ မြန်မာနိုင်ငံကို အဓိပ္ပာယ်ရှိပြီး ရေရှည်တည်တံ့တဲ့နည်းလမ်းနဲ့အုပ်ချုပ်ဖို့၊ ဘဏ္ဍာရေးကဏ္ဍအကြပ်အတည်းကို လေးလေးနက်နက်ဖြေရှင်းနိုင်ဖို့ မအောင်မြင်ခဲ့ဘူးလို့လည်း ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်နက်အရောင်းပိတ်ပင်ဖို့၊ စစ်တပ်စီးပွားရေးကွန်ရက်တွေ နိုင်ငံခြားဝင်ငွေရမရအောင် ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့လည်း အကြံပြုတင်ပြပါတယ်။

“မြန်မာနိုင်ငံသားတွေကိုထောက်ပံ့ဖို့နဲ့ စစ်တပ်ကိုဘဏ္ဍာရေးအရ အထီးကျန်ထားဖို့ တောင်းဆိုမှုတွေကို ပြန်လည်ဖြေကြားဖို့ အခွင့်အာဏာအတွင်းကလုပ်ရပ်တွေအားလုံးကို လုပ်ဆောင်သင့်ပါတယ်” လို့လည်း ပြောပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံကို ကျယ်ကျယ်ပြန့်ပြန့်ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ထားပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုဆက်ရှိနေပြီး နိုင်ငံတချို့က အာဏာသိမ်းစစ်ကောင်စီကို ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့နေတုန်းပါ။

တရုတ်နိုင်ငံက ဆိုးရွားကြမ်းတမ်းမှုတွေအဆုံးသတ်ဖို့ တောင်းဆိုထားပေမဲ့ ရုရှားနိုင်ငံကတော့ စစ်ဗိုလ်ချုပ်တွေနဲ့ အနီးစပ်ဆုံးသံတမန်ဆက်ဆံရေးရှိနေပြီး အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဧည့်သည်အဖြစ် ၃ ကြိမ်လက်ခံထားပါတယ်။

ရုရှားက မြန်မာနိုင်ငံကို ဂျက်တိုက်လေယာဉ်တွေနဲ့ သံချပ်ကာကားတွေ၊ တရုတ်နိုင်ငံက တိုက်လေယာဉ်နဲ့ ပို့ဆောင်ရေးလေယာဉ်တွေ၊ ဆားဘီးယားနိုင်ငံက ဒုံးကျည်တွေနဲ့ လက်နက်ကြီးကျည်တွေသာမက အိန္ဒိယနိုင်ငံက လူလိုက်ပါခြင်းမရှိတဲ့လေကြောင်းကာကွယ်စခန်း ထောက်ပံ့ပေးထားကြောင်းလည်း အစီရင်ခံစာမှာပါဝင်ပါတယ်။

Source – Reuters
#ဥက္ကာ #MeKongNews
Photo – Reuters