Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ စက်တင်ဘာ ၇

အင်္ဂါနေ့မနက်အစောပိုင်းက ခရာဘီခရိုင်၊ ခေါက်ဖနွမ်မြို့မှာ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ကျောင်းသားလူငယ် ၃ ယောက်ကိုပစ်သတ်မှုနဲ့ ဆိုင်ကယ်တွေမီးရှို့မှုဖြစ်ခဲ့ပါတယ်။

မြို့က တာယာဆိုင်တဆိုင်ကို ရဲတွေကဝိုင်းရံပိတ်ဆို့ခဲ့ပြီးနောက် အသက် ၄၂ နှစ်အရွယ်အမျိုးသားတယောက်ကို ဖမ်းမိခဲ့ပါတယ်။

ဘန်ကောက်လိုင်စင်နဲ့ ကားအနက်ရောင်တစီးကိုလည်း တာယာဆိုင်ကားရပ်နားရာနေရာမှာတွေ့ခဲ့ပြီး ယာဉ်မောင်းဘက်ကနောက်ကြည့်မှန်ကြေမွနေတာကိုလည်း တွေ့ရပါတယ်။

အင်္ဂါနေ့အစောပိုင်းမှာ သေနတ်သံတွေကြားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ကို သတင်းပေးတာကနေတဆင့် ရဲနဲ့ ကယ်ဆယ်ရေးသမားတွေ အခင်းဖြစ်ရာကိုရောက်ချိန်မှာ လူငယ်ကျောင်းသား အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၂ ယောက် မြက်ခင်းပေါ်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာနဲ့ မီးလောင်နေတဲ့ဆိုင်ကယ်တစီးကိုတွေ့ခဲ့ပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၈ နှစ်အရွယ်တွေဖြစ်ပြီး ခေါက်ဖနွန်မြို့က အထက်တန်းကျောင်းသားတွေဖြစ်ပါတယ်။

အမျိုးသမီး ၂ ယောက်ကို နောက်ကျောကနေပစ်ခတ်ထားပြီး အမျိုးသားကိုတော့ မျက်နှာကိုပစ်ထားပါတယ်။

ရဲတွေကစုံစမ်းမှုကြောင့် တာယာဆိုင်ကိုသွားရောက်စစ်ဆေးခဲ့ရာမှာ အသက် ၄၂ နှစ်အရွယ် ဆိုင်ရှင် သီရာဆက် ဘွန်ရောင်ကို ရဲတွေက ဖမ်းဆီးဖို့ပြင်ဆင်ခဲ့ပေမဲ့ သူက ဘေးတံခါးကနေ သေနတ်ကိုင်ပြီးထွက်ပြေးခဲ့ပါတယ်။

ဒါပေမဲ့ သူ့ဖခင်ကို ရဲတွေနားမှာမြင်တွေ့ပြီးနောက် .၃၅၇ သေနတ်ကို မြေပေါ်ပစ်ချခဲ့လို့ သူ့ကို ထိန်းသိမ်းထားတယ်လို့ ရဲတွေကပြောပါတယ်။

အိမ်ထဲမှာ ပြောင်းချောသေနတ်တလက်နဲ့ .၃၅၇ ကျည်ကတ်တွေလည်း ကြမ်းပေါ်ပြန့်ကျဲနေတယ်လို့ ပြောပါတယ်။

တနင်္လာနေ့ညပိုင်းမှာ မက်သာဖက်တမင်းစိတ်ကြွဆေးပြား ၂ ပြားသုံးစွဲခဲ့ပြီး ဇနီးသည်ရဲ့ကားကို တယောက်တည်းထွက်မောင်းခဲ့ပြီးနောက် လမ်းမှာယာဉ်တိုက်မှုဖြစ်ခဲ့လို့ ကားထဲကသေနတ်နဲ့ဆိုင်ကယ်ပေါ်က လူ ၃ ယောက်ကို ပစ်ခတ်ခဲ့တယ်လို့ သီရာဆက်က ဝန်ခံပါတယ်။

သူတို့ကို မသိဘူးလို့လည်း ပြောပြီး ဆိုင်ကယ်က ကားတိုက်မိလို့ မီးလောင်သွားတယ်လို့လည်း ပြောပါတယ်။

Source – Bangkok Post
#ဥက္ကာ #MeKongNews
Photo- Bangkok Post