Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

မဲခေါင်၊ စက်တင်ဘာ ၂၀

အချက်အလက်မမှန်လို့ ပိတ်သိမ်းခံရမယ့် ဆင်းကတ်တွေရဲ့ လက်ကျန်ငွေကို ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမယ်လို့ စစ်ကောင်စီလက်‌အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ စိစစ်ချက်အရ ဆင်းကတ်အသုံးပြုသူတချို့က အမည်၊ မှတ်ပုံတင်နံပါတ်စတဲ့ အချက်အလက်တွေကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုနေတယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အခုအခါ ဆင်းကတ်မှတ်ပုံတင်ပြုလုပ်ရာမှာ အမည်၊ မှတ်ပုံတင်နံပါတ်တွေကို လဝကမှ e-ID Database အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဆင်းကတ်ဝယ်ယူအသုံးပြုရာမှာ အချက်အလက်မှန်ကန်စွာ ဖြည့်ပြီးမှ အသုံးပြုကြဖို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ဆင်းကတ်တွေမှာ အချက်အလက်မှန်ကန်စွာ မဖြည့်ထားပါက အဲဒီဆင်းကတ်တွေကို ပိတ်သိမ်းပြီး အဲဒီဆင်းကတ်တွေရဲ့ ဖုန်းဘေလက်ကျန်ငွေတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ ဆင်းကတ်ရောင်းချသူတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူသွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

#MeKongNews