Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

မဲခေါင်၊ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ဖောင်တော်ဦး ဘုရားပွဲ COVID-19 ကြောင့် မကျင်းပ ဖြစ်ဘူးလို့ ဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ‌ထံက သိရပါတယ်။

နှစ်စဉ် သီတင်းကျွတ်လ ကာလမှာ ကျင်းပတဲ့ အင်းလေး ဖောင်တော်ဦး ဘုရားပွဲကို ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်ကလည်း COVID-19 ကြောင့် မကျင်းပခဲ့တာ ဖြစ်သလို ဒီနှစ်မှာလည်း ရောဂါ ကူးစက်မှု ပြန်လည် ဖြစ်ပွားနေတာကြောင့် မကျင်းပဖြစ်ဘူးလို့ ဆိုပါတယ်။

"ဒီနှစ်လည်း ကိုဗစ်ကြောင့် မလုပ်ဖြစ်တော့ဘူး။ ရိုးရာ အစဉ်အလာပွဲ ဆိုပေမယ့် ‌စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်မှာ ပျော်ပွဲရွှင်ပွဲ မလုပ်တာကို ပြည်သူ အများစုက ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ အင်းလေး တောင်ပိုင်းမှာလည်း စစ်ဘေးရှောင်တွေက သိန်းဂဏန်း ရှိနေတယ်လေ။ အင်းလေးဒေသမှာလည်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လေ" လို့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အင်းလေး ဖောင်တော်ဦး ဘုရားပွဲကို နောက်ဆုံး အကြိမ် ပြုလုပ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ဖောင်တော်ဦး ဗုဒ္ဓ ရုပ်ပွားတော် လေးဆူ စက်တင်ဘာ ၂၉ ရက်မှ စတင်ပြီး အောက်တိုဘာလ ၁၆ ရက်အထိ အင်းလေးဒေသ ၂၁ ဌာနကို ဒေသစာရီ ကြွချီ အပူဇော် ခံခဲ့တယ်လို့ သိရသည်။

အင်းလေးဒေသမှာရှိတဲ့ Inle Lake ဟိုတယ်မှာ Y3IIO၊ PAST12၊ Saw Andrew စတဲ့ DJ သမား ၂၀ ကျော်က အောက်တိုဘာလ အတွင်း ၃ ရက်ကြာ Music Festival ကျင်းပမယ်လို့ လူမှုကွန်ရက်မှာ ကြေညာခဲ့ပြီးနောက် ပြည်သူတွေ ဝိုင်းဝန်း ဝေဖန်မှုကြောင့် ပြန်လည် ဖြုတ်ချသွားခဲ့ပါတယ်။

#MeKongNews