မဲခေါင်၊ ဧပြီ ၄
UWSA “ဝ” တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တို့ကြား တင်းမာတဲ့အခြေအနေ၊ ပွတ်တိုက်မှုမရှိဘူးလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်တဲ့ တားပန်လက ဒီနေ့မှာ မဲခေါင်သတင်းကို ပြောပါတယ်။
TNLA နဲ့ ကိုးကန့်တပ်တွေ ရှိနေတဲ့ မိုင်းယော်တိုက်နယ်ထဲကို “ဝ” – UWSA တပ်ဖွဲ့တွေ အလုံးအရင်းဝင်လာလို့ TNLA နဲ့ ကိုးကန့်တပ်တွေ ဆုတ်ခွာသွားတာနဲ့ပတ်သက်လို့ မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
မိုင်းယော်မှာ UWSA တပ်တွေ အများအပြားဝင်လာပြီး TNLA နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ဆုတ်ခွာပေးလိုက်တယ်ဆိုတဲ့ သတင်းအပေါ် မှတ်ချက်ပေးဖြေကြားခြင်းမရှိဘဲ UWSA တပ်ဖွဲ့တွေနဲ့ TNLA ကြားမှာတော့ ဘာပွတ်တိုက်မှုမှ မရှိဘဲ အဆင်ပြေတယ်လို့ တားပန်လက ပြောပါတယ်။
မိုင်းယော်တိုက်နယ်ထဲကို “ဝ”တပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းဖို့ UWSA ပြန်ကြာရေးတာဝန်ခံ ဦးညီရမ်းဆီ ဆက်သွယ်ဖို့ မဲခေါင်သတင်းဌာနက ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား ဒီရက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေ တွေ့နေပြီး ဘယ်အခြေအနေကို ဦးတည်နေတယ်ဆိုတာကို သုံးသပ်ဖို့ စောသေးတယ်လို့ ရှမ်းပြည်အရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“ဒီရက်ပိုင်းက လှုပ်တော့ လှုပ်နေတယ်။ RCSS နဲ့ PNLO လည်းတိုက်ပွဲတွေဖြစ်နေတယ်။ ဒီဘက်က မြောက်ပိုင်းအဖွဲ့တွေကလည်း လှုပ်ရှားမှုတွေရှိနေတယ်။ ဒီလပိုင်းထဲ ထူးခြားမှုတော့ရှိနိုင်တယ်” သူ့က ပြောပါတယ်။
ဒီလို လှုပ်ရှားမှုတွေမဖြစ်ခင်မှာ မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင်တွေဟာ တရုတ်အထူးကိုယ်စားလှယ်နဲ့ ၂ကြိမ်၊ အချင်းချင်းကြားတစ်ကြိမ် တွေ့ဆုံထားသလို RCSS နဲ့ PNO တို့ဟာလည်း ချင်းမိုင်မြို့တွေ့ဆုံထားတာ ဖြစ်ပါတယ်။
MK – 004
#MeKongNews
#UWSA #TNLA #RCSS #PNO #PNLO