ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း အလယ်ဘလောက်မှာ အမျိုးသား တစ်ဦး ဓားထိုးခံရလို့ သေဆုံးခဲ့ပြီး ဓားထိုးသူကို ပြည်သူတွေ ဝိုင်းဝန်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီကျော်မှာ အသက် ၃၀ ဝန်းကျင် အမျိုးသားကို အခြား အမျိုးသား တစ်ဦးက ဓားနဲ့ ထိုးသတ်ခဲ့တာ ဖြစ်တယ်လို့ အဆိုပါ လမ်းအတွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။
“ အသတ်ခံရတဲ့ ကောင်လေးက မုန့်စားနေတုန်း ဓားနဲ့ဝင်ထိုးတာ။ ဖရဲသီးလှီးတဲ့ ဓားပုံစံမျိုးနဲ့ ထိုးပြီး ထွက်ပြေးသွားတာ။ ဓားထိုးခံရတဲ့ ကောင်လေးရဲ့ ပိုက်ဆံအိတ် ဖုန်းတော့ လမ်းမပေါ်မှာပဲ ကျကျန်နေခဲ့တယ်။ လုပြီး ပြေးတာတော့ မဟုတ်ပါဘူး” လို့ သူကပြောပါတယ်။
ဓားနဲ့ထိုးပြီး ထွက်ပြေးခဲ့သူ အမျိုးသားကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီး ရမိခဲ့ပြီး ကျောက်တံတား ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဓားထိုးခံရတဲ့ အမျိုးသားကို လူမှုကူညီရေးအသင်း ကားနဲ့ ရန်ကုန် ပြည်သူ့ဆေးရုံးကြီးကို တင်ပို့ခဲ့ပေမယ့် ရရှိထားတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ပါဝင်ကူညီခဲ့သူ တစ်ဦးက ပြောပါတယ်။