မဲခေါင်၊ ဧပြီ ၈
ရှမ်း-ကရင်နီနယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ ယာယီတပ်စခန်းကုန်း ၅ကုန်းကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဧပြီလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ၄၂၂ တပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေတာဖြစ်ပြီး အဲဒီအနီးတဝိုက်က ယာယီစခန်းကုန်းတွေကို သိမ်းပိုက်ထားတာ ဖြစ်တယ်လို့ သတင်းရင်းမြစ် ၁ဦးက ပြောပါတယ်။
“ ခွေး(စစ်ကောင်စီတပ်)စခန်းကုန်းတွေအားလုံးတော့ သိမ်းပြီးပြီ၊ ၄၂၂ ကိုတိုက်နေတယ်။ ရေကာတာမှာရှိတဲ့ ပြည်သူတချို့ပိတ်မိတာတွေရှိတယ်။ ကြိုရှောင်ခိုင်းထားတာလည်းရှိတယ်။လေယာဥ်ကတော့ နေ့တိုင်းလာလာကြဲနေတာပဲ” လို့ သတင်းရင်းမြစ် ၁ ဦးက ပြောပါတယ်။
မြေပြင်စစ်ကောင်စီတပ်က အထိနာနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
၁၁၁၁ စစ်ဆင်ရေးအနေနဲ့ လွိုင်ကော်မြို့အပါအဝင် မိုးဗြဲမြို့မှာပါ စစ်ဆင်ရေးတွေ ဖော်ဆောင်နေပြီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကြောင့် ပြည်သူတွေရဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးရပြီး ပျက်စီးမှု အရေအတွက်အတိအကျကိုတော့ ပြုစုနေဆဲဖြစ်ပါတယ်။။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်လို့ ၂ ဖက် ထိခိုက်မှုတွေနဲ့ ကျဆုံးမှုတွေကိုတော့ မသိရသေးဘဲ တိုက်ပွဲအခြေအနေနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာက ထုတ်ပြန်ထားတာမရှိသေးပါဘူး။
CJ-004