Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

အင်တာဗျူး

ဟုမ္မလင်းမြို့နယ်မှ CDM ကျောင်းအုပ်ဆရာကြီး ဦးအောင်ဆန်းဝင်းကို သတ်ဖြတ်မှု၊ စစ်ကောင်စီနှင့် ပူးပေါင်းနေသည်ဟု သတင်းထွက်ပေါ်မှု၊ PDF များကို စစ်ဆေးဖမ်းဆီးသည်ဟု စွပ်စွဲခံရမှုများ ရှိနေသည့် ရှမ်းနီအမျိုးသားများတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းကို မဲခေါင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားသည့် အင်တာဗျူးကို တင်ဆက်လိုက်ပါသည်။

“စစ်ကောင်စီနဲ့လည်း ပူးပေါင်းတာ မရှိဘူး။ NUG နဲ့လည်း ပူးပေါင်းတာ မရှိဘူး”

ဗိုလ်မှူးကြီးစိုင်းအောင်မိန်း/ရှမ်းနီအမျိုးသားများတပ်မတော်

မေး။ ။ CDM ကျောင်းအုပ်ဆရာကြီး သတ်ခံရတာနဲ့ပတ်သက်ပြီး ရှမ်းနီတပ်မတော်အနေနဲ့ ဘာများပြောချင်လဲ။

ဖြေ။ ။ အသေးစိတ်ကိုတော့ ဘာမှမသိရသေးဘူး။ တဖက်သတ်စွပ်စွဲချက် ဖြစ်မှာပေါ့။ ဆရာက အပြစ်ရှိလို့ ဖမ်းသွားတယ်ဆိုတာပဲ သိတယ်။ တချို့တွေကျတော့လည်း အပြစ်မရှိဘဲနဲ့ ဖမ်းသွားတယ်လို့ ပြောကြတယ်။ ဘယ်ဟာအမှန်လည်းဆိုတာ ကျွန်တော်တို့အနေနဲ့ သေချာပြောလို့မရဘူး။ သတ်ပစ်လိုက်တယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့မှာ စည်းကမ်းရှိပါတယ်။ ရိုးရိုးသာမာန်အရပ်သားလို့ အပြစ်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်တာ ရိုက်နှက်၊ သတ်ဖြတ်တာ လုံးဝမလုပ်ရပါဘူး။ တကယ်လို့ အပြစ်ရှိတယ်ဆိုရင်တောင်မှ ချမှတ်ထားတဲ့ စည်းကမ်းအရဘဲ လုပ်မှာပါ။ အောက်ခြေမှာ ဘယ်လိုဖြစ်သွားတယ်ဆိုတာတော့ သေချာမသိရသေးဘူး။ ဖြစ်စဥ်နဲ့ပတ်သက်တဲ့ ရဲဘော်တွေကို ထိန်းသိမ်းထားပါပြီ။ အခု စစ်ဆေးနေတာတွေ ရှိပါတယ်။ စစ်ဆေးချက်တွေ ကျွန်တော့်ဆီကို ဘာမှမရောက်သေးတဲ့အတွက် ဘာမှပြောလို့မရသေးပါဘူး။

52875339 2338187109791895 2580356513952432128 n

မေး။ ။ နယ်မြေအတွင်းမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စရဖတို့နဲ့ ပူးပေါင်းပြီး PDF တွေကို ဖမ်းဆီးတာတွေ ရှိတယ်လို့ ပြောနေကြတာတွေရှိတယ်။ အဲ့ဒါကရော ဟုတ်လား။ အဲ့လိုဖြစ်စဥ်ရော ရှိလား။

ဖြေ။ ။ အဲ့ဒါမျိုးတွေကတော့ မဟုတ်ဘူး။ ဥပမာအားဖြင့် ကျွန်တော်တို့ဒေသထဲမှာ SNA မှာ သင်တန်းဆင်းသွားတဲ့ PDF တွေ ရှိတယ်။ အဲ့ဒီ PDF တွေနဲ့ ကျွန်တော်တို့ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူလူထုကာကွယ်ရေးကို ညှိနှိုင်းပြီးတော့ လုပ်ခဲ့တာမျိုးတွေ ရှိပါတယ်။ နောက် စစ်ကောင်စီ စရဖတွေနဲ့ ပေါင်းပြီး PDF တွေကို ဖမ်းနေတယ်ဆိုတာက ကျွန်တော်တို့အဖွဲ့ကို မလိုလားတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တမင်တိုက်ခိုက်နေတာပါ။ တခုရှိတာက လူထုတွေ အထင်မှားကြတယ်။ စရဖမှာ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေရှိတယ်။ ကျွန်တော်တို့အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေရှိမယ်။ သူတို့က အရင်ကတည်းက ရင်းနှီးခင်မင်မှုတွေ ရှိကြတယ်။ အဲ့တော့ နယ်မြေအေးချမ်းရေးလုပ်ရင်း တွေ့တော့ ပုဂ္ဂိုလ်ရေးအရ ပြောဆိုတာ၊ နှုတ်ဆက်တာတော့ ရှိတယ်။ ဒါကို မလိုလားတဲ့အဖွဲ့က ကျွန်တော်တို့က စရဖနဲ့ပေါင်းပြီး လုပ်နေတာတို့၊ ဘာတို့ ဝါဒဖြန့်ပြီး ပြောနေတယ်လို့ သုံးသပ်လို့ရပါတယ်။ အမှန်တကယ်က သူတို့(စရဖ)နဲ့ ကျွန်တော်တို့က ဘာမှမပတ်သက်ပါဘူး။ ဘာမှ ညှိနှိုင်းထားတာလည်း မရှိပါဘူး။ သူ့လည်းသူသွား၊ ကိုယ့်လမ်းကိုယ်သွားပါပဲ။ PDF တွေနဲ့လည်း အတူတကွ နေနေပါတယ်။ ကျွန်တော်တို့နဲ့ စစ်ကောင်စီ ဘာမှပတ်သက်ထားတာ မရှိပါဘူး။ ဒေသတွင်းက PDF တွေနဲ့ဆို ပိုပြီးတော့ ရင်းနှီးမှု ရှိပါတယ်။

မေး။ ။ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တို့ ပေါင်းပြီးတော့ PDF တွေကို တိုက်ခိုက်တယ်လို့ ပြောနေကြတယ်။ အဲ့ဒီအပေါ်ရော ဘာများပြောချင်လဲ။

ဖြေ။ ။ ဒါကလည်း ကျွန်တော်တို့ကို မလိုလားတဲ့အဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒဖြန့်နေတာပါ။ လူထုကို အထင်မြင်လွဲမှားအောင်၊ ကျွန်တော်တို့နဲ့ လူထုကို အထင်မြင်လွဲမှားအောင် လုပ်နေတာပါ။ နောက် ကျွန်တော်တို့နဲ့ PDF တွေ အထင်မြင်လွဲမှားအောင် တမင်သပ်သပ် တိုက်ခိုက်ဖြိုခွဲနေတာပဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာဘဲ ၃ ကြိမ်တိုင်တိုင် ကျွန်တော်တို့ တပ်စခန်းကို စစ်ကောင်စီက ဝင်ပစ်တာကို ကျွန်တော်တို့ ခံခဲ့ရပါတယ်။ ပထမတကြိမ်ဆိုလျှင် ခန္တီးမြို့နယ်ထဲမှာရှိတဲ့ တပ်စခန်းတစ်ခုကို ဝင်ပစ်တယ်။ အဲ့ဒါက ၄လပိုင်းတုန်းကပါ။ နောက် ၅လပိုင်းမှာကျတော့ ရေပေါ်မိစခန်းမှာထိုင်ထားတဲ့ ရှေ့တန်းစခန်းလေးတွေကို ဝင်ပစ်တယ်။ ၆လပိုင်းမှာကျ ချင်းတွင်းမြစ်ဘေးမှာ ထိုင်ထားတဲ့တပ်စခန်းကိုလည်း ဝင်ပစ်တယ်။ ဒီလို စစ်ကောင်စီနဲ့ ကျွန်တော်တို့ ပစ်ခတ်နေတာတွေကိုကျ မပြောကြဘဲနဲ့ ထင်ယောင်ထင်မှား လိုင်းပေါ်တင်ထားတာတွေကိုဘဲ ယုံနေကြတယ်။ ဒါဟာလည်း ကျွန်တော်ပြောသလို ကျွန်တော်တို့အဖွဲ့နဲ့ လူထုကို ထင်ယောင်ထင်မှား ဖြစ်တာပေါ့။ လွန်ခဲ့တဲ့ ၄၊ ၅ရက်လောက်က ကြေညာချက်တခုထုတ်ပါတယ်။ အဲ့မှာ ကျွန်တော်တို့အဖွဲ့အစည်းကို ထိခိုက်အောင် ရေးသားနေတာတွေ တိုက်ခိုက်နေတာတွေကို ရှုတ်ချတယ်။

52537803 2338186753125264 4716804531248168960 n

မေး။ ။ ထုတ်ပြန်ချက်မှာ စစ်ကောင်စီနဲ့ မပူးပေါင်းဘူးဆိုပြီး ပြတ်ပြတ်သားသား ငြင်းထားတာ မတွေ့ရဘူး။ အဲ့တာကရော ဘယ်လိုလဲ။

ဖြေ။ ။ ငြင်းဖို့ကို မလိုလို့ပါ။ ကောလဟာလတွေကြောင့်ပါ။ အဲ့ကောလဟာလကို လိုက်ဖြေရှင်းနေရင် ပိုပြီးတော့ ရှုပ်ထွေးကုန်မှာမို့ပါ။

မေး။ ။ ရှမ်းနီတပ်ရဲ့ ရည်မှန်းချက်က ဘာလဲ။ ရှမ်းနီပြည်နယ် တည်ထောင်ဖို့ရော ရှိလား။

ဖြေ။ ။ ကျွန်တော်တို့မှာ မူ ၅ ချက် ချမှတ်ထားပါတယ်။ အဲ့ဒီ ၅ ချက်အတိုင်းဘဲ ပြည်သူဘက်ကနေ လုပ်သွားမှာပါ။ ရှမ်းနီပြည်နယ်ထောင်ဖို့ကတော့ မူ ၅ ချက်ထဲမှာ ပါပြီးသားပါ။ လက်ရှိနိုင်ငံရေးအခြေနေအရ ဒေသအေးချမ်း‌ရေးနှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးဖြစ်တယ်။ ကျွန်တော်တို့ ဘယ်ဘက်မှမပါအောင် လုပ်နေပါတယ်။

မေး။ ။ လက်ရှိနိုင်ငံရေးအခြေနေအရ ရှမ်းနီတပ်အနေနဲ့ စစ်ကောင်စီနဲ့မပေါင်းဘူးဆိုတော့ NUG နဲ့ရော ဆက်သွယ်တာတွေ ရှိလား။

ဖြေ။ ။ ကျွန်တော်တို့က ရည်မှန်းချက်အတိုင်းပါပဲ။ ဘယ်သူ့ဘက်မှ ပါမှာမဟုတ်ပါဘူး။ စစ်ကောင်စီနဲ့လည်း ပူးပေါင်းတာ မရှိဘူး။ NUG နဲ့လည်း ပူးပေါင်းတာ မရှိဘူး။ ဒီဟာက နိုင်ငံရေးအရဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းတာ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင်ပေါ့။ အဲ့လိုမှမဖြေရှင်းရင် ပြည်သူလူထုက စစ်ဘေး၊ စစ်ဒဏ် ခံနေရတယ်။ အခုဆို ကုန်စျေးနှုန်းတွေ စျေးတက်တယ်။ အဲ့ဒါတွေကလည်း ပြည်သူတွေဘဲ ခံစားရတယ်။ လူထုရဲ့မျက်နှာကိုဘဲ ကြည့်ကြပါလို့ ပြောချင်တယ်။

#MeKongNews

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။