Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ အခုစက်တင်ဘာလအတွင်း ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး လူငယ်တွေကို စွပ်စွဲဖမ်းဆီးငွေညှစ်ပြီးမှ ပြန်လွှတ်ပေးတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ‌တောင်ကြီးမြို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

သတင်းပေးဒလန်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လူမှုရေး၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာရှိဖူးသူတွေကို PDFထောက်ပံ့သူ၊ NUGနဲ့ CRPHထောက်ခံသူတွေလို့ စွပ်စွဲ ဖမ်းခိုင်းတာတွေ ဆက်တိုက်ဖြစ်နေသလို ပြန်လွှတ်ရာမှာလည်း ခြိမ်းခြောက်ငွေညှစ်ပြီးမှသာ ပြန်လွှတ်ပေးတယ်လို့ အဲဒီအရပ်ဘက်အဖွဲ့အစည်းဦးဆောင်သူက ပြောပါတယ်။

"ဖမ်းပြီး ဖုန်းထဲမှာ ပုံတွေ့တာ၊ ပိုစ့်တင်တာ၊ ဆဲထားတာတွေကို ပြပြီး ငွေညှစ်တာ။ ဆက်တိုက်ကြီးကို ဖြစ်နေတယ်။ အများဆုံးကတော့ တောင်ကြီးနဲ့ အေးသာယာမှာ ဖြစ်နေတယ်။ ဘယ်သူမဆို ဒီကာလမှာ ပိုစ့်တင်ကြတာပဲ။ ဆန်ဈေး၊ ဆီဈေးကြီးတာ၊ ကုန်ဈေးနှုန်းကြီးတာကို တင်တာ၊ ဆဲတာကိုတောင် ဖမ်းတယ်။ အဓိကကတော့ သူတို့နဲ့ ပြဿနာရှိဖူးတဲ့သူတွေ၊ အမြင်မကြည်တဲ့လူတွေရဲ့ သားသမီးတွေကို ပစ်မှတ်ထားတာပေါ့" လို့ သူကပြောပါတယ်။

အဲဒီလိုဖမ်းဆီးခံရပြီးနောက် တစ်ဦးကို ကျပ်ငွေ ၁၀ သိန်းမှ သိန်း ၃၀ ခန့်အထိ ပေးဆောင်‌နေရပြီး သတင်းမပြန့်အောင် ခြိမ်းခြောက်ဖိအားပေးထားတဲ့အတွက် စာရင်းအတိအကျရရှိဖို့မလွယ်ကူကြောင်း၊ ဒီလိုဖြစ်စဉ်တွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်စွာနေထိုင်‌နေရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်တပ်မှအာဏာသိမ်းပြီးတဲ့အချိန်ကစလို့ တောင်ကြီးအပါအဝင် နိုင်ငံတဝန်းလုံးမှာ ခိုးဆိုးလုနှိုက်တွေ ပေါ်ပေါ်တင်တင်သောင်းကြမ်းလာပေမယ့် အာဏာသိမ်းစစ်တပ်နဲ့ ရဲက အရေးတယူ ဖမ်းဆီးအရေးယူတာမျိုး မရှိဘဲ အာဏာသိမ်းမှုဆန့်ကျင်သူတွေကိုသာ အပူတပြင်း လိုက်လံရှာဖွေဖမ်းဆီးနေတာဖြစ်ပါတယ်။

တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းက နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးပါတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေစုစုပေါင်း ၃၈၀ကျော် တောင်လေးလုံးအကျဉ်းထောင်မှာရှိနေပြီး လတ်တလောမှာ ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။