မဲခေါင်၊ ဇန်နဝါရီ ၇
တချိန်က ဒေသခံတွေဝင်ငွေကောင်းခဲ့တဲ့ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့ဟာ ခုအခါမှာ အလုပ်အကိုင်ရှားပါးလာတာရယ်၊ ကုန်စည်ပြတ်လတ်ပြီး ကုန်ဈေးနှုန်းမြင့်မားလာတာရယ်ကြောင့် အခြေခံလူတန်းစားအများစု ဝင်ငွေနည်းပါးကာ နေ့စဉ်ရပ်တည်ရေးမှာ အကြပ်အတည်းဖြစ်ပေါ်လာပါတယ်။
တရုတ်နိုင်ငံထုတ် အခြေခံလူသုံးကုန်ပစ္စည်းအများအစုကို အားထားနေရတဲ့ မိုင်းလားမြို့ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလကတည်းက နယ်စပ်ဂိတ်တွေ ပိတ်ခဲ့တာကြောင့် ကုန်စည်ပြတ်လပ်ပြီး ဈေးနှုန်းမြင့်မားလာတာကြောင့် ဝင်ငွေနည်းပါးတဲ့ အခြေခံလူတန်းစားတွေ ဝင်ငွေနဲ့ ထွက်ငွေ မမျှကာ အကြပ်အတည်းဖြစ်ပေါ်လာသလို အရင်က စားဖွယ်စုံရောင်းချနေကြတဲ့ လမ်းဘေးရွေ့လျှားဆိုင်တွေနဲ့ ဆိုင်ခန်းတွေလည်းရောင်းအားကောင်းခဲ့ရာမှ အခုအခါရောင်းအားကျဆင်းကာ ကြပ်တည်းလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝင်ငွေနည်းသူ များပြားလာတဲ့အခါ အပြင်မှာလွယ်လင့်တကူ ဝယ်ယူစားသုံးတဲ့ အလေ့အထလည်း လျော့ပါးလာတာကြောင့် လမ်းဘေးစားသောက်ဆိုင်အများစုလည်း ရောင်းအားကျကာ ပိတ်သိမ်းတာတွေ များပြားလာတာဖြစ်တယ်လို့ ရန်ကုန်ကနေပြောင်းရွှေ့ကာ မိုင်းလားမှာ ယာယီနေထိုင်ပြီး စျေးရောင်းနေသူတစ်ဦးက ပြောပါတယ်။
“ဝင်ငွေကောင်းတော့ ပိုက်ဆံ သိပ်မတွက်ကြဘူးပေါ့၊ ခုတော့ အပြင်ထက် အိမ်မှာချက်စားတာက အကုန်သက်သာတယ်၊ ချွေတာရေးပေါ့၊ စားသောက်ဆိုင်ဖြုတ်ပြီး ခု ကြံခုတ်လိုက်ကြတာ များလာပြီ” လို့ သူက ပြောပါတယ်။
လက်ရှိ မိုင်းလားမြို့ထဲကို တရုတ်နိုင်ငံထဲက လူသုံးကုန်အနည်းငယ်သာ ခိုးလမ်းကနေ တရားမဝင်နည်းနဲ့ ဝင်ရောက်နေတာမို့ စျေးနှုန်းမြင့်မားသလို လိုသလောက်မရတဲ့အခြေအနေကြောင့် လုပ်ငန်းတွေ ဆိုင်တွေ ပိတ်သိမ်းတာလို့ ပြောပါတယ်။
“အဝတ်အစားလိုဟာက လေးငါးဆယ် ထပ်ထပ်ဝတ်ပြီး သယ်လာလို့ရပေမယ့် ကျန်တာတော့ မရဘူးလေ၊ ခိုးလမ်းက လိုတဲ့ပစ္စည်းမှာလည်း လိုတဲ့အချိန်ရောက်မလာတော့ ပစ္စည်းတွေ ပြတ်ကုန်ကြပြီ၊ ကြာရင် စီးပွားမဖြစ်တော့ဘူး” လို့ မိုင်းလား ဟိုလုံရပ်နေသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
တရားမဝင်လမ်းကြောင်းက သယ်ယူစရိတ်ဟာ တစ်ကီလိုကို ၆ ယွမ်ကနေ ၂၀ ယွမ်အထိ စျေးတက်လာကာ မှာယူသလောက်လည်း ရောက်မလာတာကြောင့် ကုန်ပစ္စည်း ပြတ်လတ်နေတယ်လို့ ဒေသခံတွေက ပြောပါတဘ်။
မိုင်းလားမြို့မှာ လူတစ်ယောက်ရဲ့ တစ်နေ့စရိတ်ဟာ အနည်းဆုံး ယွမ် ၂၀ ခန့်ရှိတာဖြစ်ပြီး လူနည်းတဲ့မိသားစုအတွက်ဆိုရင် တစ်နေ့ ၅၀ ယွမ်လောက်ရဖို့ လိုအပ်တယ်လို့ သိရပါတယ်။
MK-021
#မိုင်းလားမြို့
#ကုန်စည်ပြတ်လတ်
#အလုပ်အကိုင်ရှားပါး
#ဝင်ငွေနည်းပါး
#ကြပ်တည်းလာ








