မိုင်းတုံမှာ တရားမဝင်သတ္တုတူးဖော်တာတွေ များပြားနေ
ဂေဟစနစ်လည်းပျက်စီး
မဲခေါင် နိုဝင်ဘာ ၂၇
ရှမ်းအရှေ့၊ မိုင်းတုံခရိုင်အတွင်း တရုတ်နိုင်ငံသားတွေ တရားမဝင် သတ္တုတူးဖော်နေတာတွေ များပြားနေပြီး ကန့်သတ်ချက်နဲ့အညီ စနစ်တကျတူးဖေါ်တာမျိုးမဟုတ်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တရုတ်နိုင်ငံသားတွေက နယ်မြေခံစစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကို ငွေပေးပြီး ခနောက်စိမ်း၊ ရွှေ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကျောက်မီးသွေးတွေကို တရားမဝင်တူးဖော်နေသလို မြေရှားသတ္တုကိုလည်း လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းတုံနဲ့ မိုင်းဆတ်သွားလမ်းပေါ်က ၁၃ မိုင်မှာ ခနောက်စိမ်းနဲ့ ရွှေတွေတူးဖော်နေကြပြီး သံလွင်မြစ်နဲ့ နမ့်စင်ချောင်းလက်တက်တလျောက်မှာလည်း တရားမဝင် ရွှေတူးဖော်မှုတွေရှိနေတယ်လို့ သိရပါတယ်။
“ ချောင်းတွေကိုပိတ်ပြီး ရွှေချက်ကန်တွေ လုပ်နေလို့ချောင်းရေမသန့်တော့ဘူး၊ သစ်တွေလည်းတရားမဝင်ခုတ်နေကြတာ” လို့ မိုင်းတုံဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအာဏာမသိမ်းမီ ၂၀၁၉ခုနှစ်အထိ သတ္တုလုပ်ကွက်တွေ တရားဝင်ချထားပေးခဲ့မယ့် အာဏာသိမ်းပြီးနောက်ပိုင်း ခုချိန်ထိ တရားဝင် လုပ်ပိုင်ခွင့်ချထားပေးတာမရှိတော့ဘူးလို့ သိရပါတယ်။
တရားဝင်တူးဖေါ်တာမျိုးမဟုတ်လို့ စနစ်တကျမြေဇာစွန့်ပစ်တာမျိုးမရှိပဲ အဆင်ပြေသလိုစွန့်ပစ်နေတာ၊ ချောင်းတွေကို တားဆီးပိတ်ဆို့တာမျိုးတွေကြောင့် ရေကြောင်းပြောင်းတာ၊ ရေကြီးရေလျှံဖြစ်ပေါ်တာတွေအပြင် မြေအဆိပ်သင့်တာတွေ ဖြစ်နေသလိုသစ်တောပြုန်းတီးတာတွေ၊ အနီးဝန်းကျင်က တောတောင်တွေမှာ ဓာတုပစ္စည်းတွေစိမ့်ဝင်ပြီး သောက်သုံးရေအဆိပ်သင့်တာ၊ အပင်တွေနဲ့တောရိုင်းတိရိစ္ဆာန်တွေ မရှင်သန်နိုင်တော့တာ၊ တူးဖေါ်ပြီးနေရာကို အပေါက်ဟောင်းလောင်းထားခဲ့တာကြောင့် မိုးတွင်းမှာတောင်ပြိုမယ့် အန္တရာယ်တွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွှေဆိုရင် ဆိုင်ယာနိုက်နဲ့ချက်ကန်လုပ်ရတာ၊ ပြီးရင်အဲ့ဒီ အဆိပ်သင့်ရေတွေက ချောင်းတွေထဲစီးဝင်လို့ မြေသားတွေ၊ သက်ရှိသက်မဲ့အပြန်အလှန်အမှီသဟဲပြုနေတဲ့ ဂေဟစနစ်တွေကို အလွန်အမင်းထိခိုက်စေတယ်၊ လူတွေကို ကျန်းမာရေးစစ်ဆေးကြည့်ရင် ထိခိုက်နေတာတွေ့နိုင်ပါတယ်” လို့ ဘူမိဗေဒပညာရှင်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
သတ္တုတွေတူးဖော်ရာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများပြားစေတဲ့ ဟင်းလင်းပွင့်တူးဖော်မှုနဲ့ ရွှေသန့်စင်ရာမှာ ဆိုင်ယာနိုက်အသုံးမပြုဖို့ တားမြစ်ချက်တွေရှိပေမယ့် တရားမဝင်တူးဖေါ်နေတာဖြစ်လို့ ကန့်သတ်ချက်တွေကိုပါ ကျူးလွန်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ရေဘေးအတွင်း မိုင်းတုံမြို့နယ်က နမ့်တုံ၊ နားညု၊ နမ့်ဟောင်ခယ်၊၁၄မိုင် ၆မိုင်ချောင်းတွေကို ရေတိုက်စားလို့ပါလာတဲ့ နုံးသဲတွေဟာ လယ်ယာတွေကိုဖုံးလွှမ်းပျက်စီးစေသလို ချောင်းတွေ တိမ်ကောလာနေလို့ရေသွင်းစိုက်ပျိုးမှုနဲ့သုံးစွဲရတာတွေ ခက်ခဲလာနေတယ်လို့ဒေသခံတွေက ပြောနေကြပါတယ်။
MK-012
#MekongNews









